အာဆင်နယ် ကမ်းလှမ်းထားတဲ့ မူဒရစ်ခ် အတွက် မကြားဝံ့မနာသာ ပြောင်းရွှေ့ကြေးမျိုး တောင်းချလိုက်တဲ့ ရှက်တာဒိုးနက်

ယူကရိန်း ထိပ်သီးကလပ် ရှက်တာဒိုးနက်ရဲ့ တာဝန်ရှိသူ တဦး ဖြစ်သူ နီကိုလီနီက ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ သူတို့အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား မူဒရစ်ခ် အတွက် ထင်မှတ် မထားလောက်အောင် များနေတဲ့ တန်ကြေး သတ်မှတ် တောင်းဆိုလိုက်ပါတယ်။

အာဆင်နယ်က သူတို့အသင်းရဲ့ အားနည်းချက် တခုလို ဖြစ်နေတဲ့ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှု တရပ် အဖြစ် ရှက်တာဒိုးနက်နဲ့ အတူ တောက်ပနေတဲ့ ယူကရိန်း လူငယ်ကြယ်ပွင့် မူဒရစ်ခ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာလည်း မူဒရစ်ခ် အတွက် ပထမဦးဆုံး တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပါတယ်။

အာဆင်နယ်က မူဒရစ်ခ် အတွက် ပထမဦးဆုံး အကြိမ် တရားဝင် ကမ်းလှမ်းမှု အဖြစ် ပြောင်းရွှေ့ကြေး ယူရို သန်း ၄ဝ + ထပ်ဆောင်းကြေး သန်း ၂ဝ တန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့တာ ဖြစ်ပြီး ရှက်တာဒိုးနက်ကတော့ အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်း ပယ်ချခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက်တွေနဲ့ သတင်းဌာနတွေက ရှက်တာဒိုးနက်ဟာ မူဒရစ်ခ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၅သန်း လောက်ထိ လိုချင်နေတာကြောင့် အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာ ဖြစ်ကြောင်း ဖော်ပြနေကြပါတယ်။

ဒါပေမယ့် ရှက်တာဒိုးနက်ရဲ့ တာဝန်ရှိသူ တဦး ဖြစ်သူ နီကိုလီနီကတော့ သူတို့အသင်းဟာ မူဒရစ်ခ်အတွက် မန်ချက်စတာ စီးတီးက ဂျက် ဂရီးလစ်ရှ်ကို ဝယ်ယူစဉ်မှာ ပေးချေခဲ့တဲ့ ပြောင်းရွှေ့ကြေးမျိုး (ပေါင် ၁၀၀သန်း) ရမှသာ လက်လွှတ်ဖို့ ဆုံးဖြတ်ထားကြောင်း ဆိုလာပါတယ်။

နီကိုလီနီက – “ယူရို ၆၀သန်း ဆိုတဲ့ ပမာဏနဲ့ မူဒရစ်ခ်ကို ခေါ်ချင်လို့ မရပါဘူး။ ကျွန်တော်တို့ရဲ့ ဒါရိုက်တာက မူဒရစ်ခ် အတွက် အန်တိုနီရဲ့ ပြောင်းရွှေ့ကြေးထက် (ယူရို ၁၀၀သန်း) ပိုများတဲ့ ဂရီးလစ်ရှ်ရဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ (ပေါင် ၁၀၀သန်း) နီးစပ်တဲ့ ပမာဏ တရပ် လိုချင်နေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ် ယူကရိန်း လက်ရွေးစင် လူငယ်ကြယ်ပွင့် မူဒရစ်ခ်က ယခုနှစ် ဘောလုံးရာသီမှာ ရှက်တာဒိုးနက် အတွက် ပြိုင်ပွဲစုံ ၁၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။