အာဂျင် ဂိုးသမား မာတီနက်ဇ်ရဲ့ လှောင်ပြောင် အောင်ပွဲခံမှုတွေ အပေါ် နှုတ်ပိတ်ပေးလိုက်တဲ့ အမ်ဘာပေ
ကာတာ ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပြင်သစ်တို့ရဲ့ ကျရှုံးမှုနဲ့အတူ အမ်ဘာပေ ရဲ့ တောင်အမေရိကဘောလုံးကို အထင်မကြီးကြောင်း ပြောကြားထားမှုတွေကို အတိုးနဲ့ လှောင်ပြောင်သွားခဲ့တဲ့ အာဂျင်တီးနားဂိုးသမား အီမီလီယာနို မာတီနက်ဇ်နဲ့ ပတ်သက်ပြီး ဒီနေ့မှာ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေက တုန့်ပြန် ပြောကြားသွားခဲ့ပါတယ်။
ဇယားအောက်ဆုံးနားက စထရာစ်ဘိုးနဲ့ အိမ်ကွင်းတွေ့ဆုံမှု ပွဲ အပြီးမှာ အမ်ဘာပေက အာဂျင်တီးနား ဂိုးသမား မာတီနက်ဇ်ရဲ့ သူ့အရုပ်ကို ကိုင်ပြီး လှောင်ပြောင်ခဲ့မှု အပေါ် မှတ်ချက်ပေးခဲ့တာလည်း ပါဝင်ခဲ့တာပါ။
“အောင်ပွဲ ခံတာကတော့ သူ့ပုံစံနဲ့သူပေါ့ဗျာ… ကျွန်တော့်ကိစ္စ မဟုတ်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ ဒီလိုမျိုး ကိစ္စတွေမှာ အားစိုက်ပြီး အာရုံနောက် မခံပါဘူး။ အရေးကြီးအဆုံးအရာက အသင်းအတွက် အကောင်းဆုံး ပေးဆပ်နိုင်ဖို့ ကိုယ့်ကိုယ်ကို ရှေ့ဆက် မောင်းနှင်သွားဖို့ပါပဲ”လို့ ဘာပေက ဆိုသွားခဲ့ပါတယ်။

မက်ဆီအကြောင်းကို မေးမြန်းခဲ့ရာမှာတော့ သူတို့ကြားမှာ အများထင်သလို ဆက်ဆံရေး ဆိုးရွားနေတယ်ဆိုတဲ့ အကြောင်းမျိုး မရှိကြောင်းကို ငြင်းဆန်သွားခဲ့တာပါ။
“ဗိုလ်လုပွဲအပြီးမှာ သူ့ကို ကျွန်တော် ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ ဒါက သူ့ဘဝရဲ့ ရည်မှန်းချက်တစ်ခုကို ပြည့်စုံနိုင်ခဲ့တာဖြစ်လို့ပါ။ ကျွန်တော်ကတော့ ရှုံးနိမ့်ခဲ့တာပေါ့ဗျာ။
ဒါပေမယ့် ဒါက အားကစားပြိုင်ပွဲကောင်းတစ်ခုရဲ့ တစ်စိတ်တစ်ဒေသပါပဲ။ ကျွန်တော်တို့အနေနဲ့ လီယို(မက်ဆီ) ပြန်လည်ပူးပေါင်းပြီး သွင်းဂိုးတွေနဲ့ နိုင်ပွဲတွေ ယူဆောင်လာပေးဖို့ စောင့်ဆိုင်းနေကြပါတယ်”လို့ အမ်ဘာပေက ဖြေသွားခဲ့ပါတယ်။
အာဂျင်တီးနားနဲ့ အက်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ် ဟာလည်း ကမ္ဘာ့ဖလားမှာ ခပ်ရင့်ရင့် အောင်ပွဲခံ၊ လှောင်ပြောင် ခဲ့မှုတွေကြောင့် ပရော်ဖက်ရှင်နယ် မဆန်ဘူး ဝေဖန်ခံ နေရသလို ကလပ်အသင်း နည်းပြ အူနိုင်း အမ်မရီ ရဲ့ သဘောမတွေ့ ငြိုငြင်ခြင်းလည်း ခံနေရပါတယ်။