စိတ်ကြိုက်တိုက်စစ်သမား ရဖို့ ပေါင် သန်း ၁ဝဝ တန်ကြီးကို အလဲအထပ် ထည့်ပေးတော့မယ့် မန်စီးတီး
ဟာလန်း ဂိုးမြူးနေပြီး အာဂျင်တီးနား ကြယ်ပွင့် ဂျူလီယန် အဲဗာရက်စ် ပါ ရှိသေးပေမယ့် မန်ချက်စတာ စီးတီးကတော့ သူတို့ တိုက်စစ်ကို ပြိုင်ဘက် လီဗာပူးနဲ့ အပြိုင် အင်အား တိုးချဲ့လိုနေပါသေးတယ်။
မန်ချက်စတာစီးတီးအသင်းဟာ အေစီမီလန်အသင်းရဲ့ ပေါ်တူဂီကြယ်ပွင့် တိုက်စစ်ကစားသမား ရာဖယ် လီယာအိုကို ပစ်မှတ်ထားနေပြီး လီယာအို ကို ရဖို့ စီးတီးကဂျက်ဂရီးလစ်ရှ်ကို အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်း ကမ်းလှမ်းသွားချင်နေတယ်လို့ အီတလီ သတင်းတွေ ကနေ ဖော်ပြလာခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင် ကစားသမား ဂရီးလစ်ရှ်ဟာ အက်စတွန်ဗီလာကနေ မန်စီးတီးအသင်းဆီ ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင်သန်း(၁၀၀)နဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းမှာ အံ့ဝင်ခွင်ကျဖြစ်ဖို့နဲ့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့် စီးတီးဘက်က ပေါ်တူဂီကြယ်ပွင့်လေး လီယာအိုကို အသင်းဆီ ခေါ်ယူမယ့် ကိစ္စမှာ ဂရီးလစ်ရှ်ကိုပါ ထည့်သွင်း ကမ်းလှမ်းလာဖို့ စီစဉ်လာခဲ့တာ ဖြစ်တယ်လို့ အီတလီ သတင်းမီဒီယာက ဖော်ပြလာပါတယ်။
အသက်(၂၃)နှစ်အရွယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား လီယာအိုဟာ မီလန်ရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေပြီး ၂၀၁၉ခုနှစ်ကမှ လိုင်လီကနေ မီလန်အသင်းဆီ ရောက်ရှိလာခဲ့သူလည်း ဖြစ်ပါတယ်။
စပို့တင်းလစ္စဘွန်း လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူ လီယာအိုဟာ လက်ရှိမှာ မီလန်အသင်းနဲ့ စတုတ္ထမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားခဲ့ပါသေးတယ်။
၂၀၂၄ခုနှစ်မှာ မီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် လီယာအိုကိုလည်း မန်စီးတီး အပါအဝင် ဥရောပထိပ်တန်း ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး အခု မန်စီးတီးဘက်က လီယာအိုကို ဂရီးလစ်ရှ်နဲ့ပါ အလိုက်ပေး ကမ်းလှမ်းသွားဖို့အထိ ဆန္ဒရှိလာခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ မီလန်ဘက်ကတော့ သူတို့ကစားသမားကို စာချုပ်သက်တမ်းသာ တိုးမြှင့်သွားချင်နေပြီး လီယာအို အတွက် ပြန်လည် ရရှိလာမယ့် ကစားသမား ဂရီးလစ်ရှ်ရဲ့ လက်ရှိအသက်အရွယ်နဲ့ လက်ရှိ ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင်(၃)သိန်းတို့က အလိုက်ပေး ကမ်းလှမ်းမှုကို လက်ခံဖို့ မလွယ်နိုင်တဲ့ အချက်တွေ ဖြစ်နေပါတယ်။