မန်ယူနဲ့ လီဗာပူးကို နှပ်ချပြီး ကမ္ဘာ့ဖလား ကြယ်ပွင့်လေးကို အရ ခေါ်နိုင်တော့မယ့် ချဲလ်ဆီးအသင်း

၂၀၂၂ ကာတာကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး လူငယ်ဆုရှင် အန်ဇို ဖာနန်ဒက်ဇ်ကို ခေါ်ယူနိုင်ဖို့ ချဲလ်ဆီးအသင်းဘက်က ဆွေးနွေးနေခဲ့ရာမှာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပြီး အာဂျင်တီးနား ကစားသမားအနေနဲ့ ကမ္ဘာ့ဖလားချန်ပီယံဖြစ်အပြီးမှာ ပေါ်တူဂီမြေကနေ ထွက်ခွာဖို့ ဆန္ဒရှိနေကြောင်းလည်း သိရပါတယ်။

အီတလီသား အပြောင်းအရွှေ့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက သူ့ရဲ့ တွစ်တာအကောင့်မှာ သတင်း ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ကွင်းလယ်လူကို ချဲလ်ဆီးအသင်းအနေနဲ့ တိုက်ရိုက် ချဉ်းကပ် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အန်ဇိုကို လိုချင်တယ်လို့ နာမည်ထွက်ခဲ့တဲ့ အသင်းတွေထဲက မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကတော့ လှုပ်ရှားမှု မရှိသေးခင် ချဲလ်ဆီးကတော့ ခြေသွက်နေတာပါ။

အန်ဇို ဖာနန်ဒက်ဇ်အနေနဲ့ ချဲလ်ဆီးအသင်းရဲ့ ပုဂ္ဂိုလ်ရေး ကမ်းလှမ်းမှုတွေကို Yes လို့ သဘောတူညီမှု ပေးထားခဲ့တယ် လို့ သိရပြီး ဘင်ဖီကာ အသင်းနဲ့တော့ နှစ်သင်းကြား အပြောင်းအရွှေ့ကိစ္စနဲ့ ပေးချေရမယ့် ငွေကြေး ပမာဏတွေကို ဆက်လက် ဆွေးနွေးသွားဖို့ ရှိနေသလို ပေါ်တူဂီကလပ်ရဲ့ စာချုပ်ဖျက်သိမ်းကြေးရမှ ရောင်းချမယ်ဆိုတဲ့ အပေါ်မှာ ဘယ်လို အပြောင်းအလဲ ရှိဦးမလဲတော့ စောင့်ကြည့်ရမှာပါ။

ဘယ်လောက်ပဲ ထွန်းတောက်တဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်နေဖြစ်နေ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေ ပုံမှန် ရှာဖွေပေးလေ့ရှိတဲ့ တိုက်စစ်မှူး သို့မဟုတ် တောင်ပံကစားသမားတစ်ဦး မဟုတ်ဘဲ ကွင်းလယ်ကို ထိန်းကျောင်းသူ တစ်ယောက်သာဖြစ်နေတဲ့ ဖာနန်ဒက်ဇ်အတွက် ယူရိုသန်း ၁၂၀ (ပေါင် ၁၀၅ သန်း) ဆိုတာကတော့ များပြားတယ်လို့ ဆိုနိုင်ကောင်းတဲ့ ပမာဏလည်း ဖြစ်နေလို့ ချဲလ်ဆီးတို့ရဲ့ ရွှေ့ကွက်ကိုလည်း ကြည့်ရဦးမှာဖြစ်ပါတယ်။

ချဲလ်ဆီးတို့အနေနဲ့ ရာသီအစက မပြင်ဆင်နိုင်မှုတွေကြောင့် လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၈ နေရာမှာသာ ရပ်တည်နေပြီး လာမယ့်နှစ်ကို ချန်ပီယံလိဂ် ဝင်ခွင့်ပျောက်မယ့် အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ဆောင်းရာသီ ဈေးကွက်ကို ခပ်သွက်သွက် လှုပ်ရှားနေခဲ့ပြီး ပထမဆုံး ကစားသမားအဖြစ် နော်ဝေကလပ် မိုလ်ဒီမှာ ခြေစွမ်းပြခဲ့တဲ့ အိုင်ဗရီကို့စ် လူငယ်တိုက်စစ်မှူး ဒေးဗစ် ဒါထရို ဖိုဖာနာကိုလည်း ခေါ်ယူထားခဲ့ကြောင်း သိရှိရပါတယ်။