မန်ယူနဲ့ အာဆင်နယ် ဖလားမရတာ အတော်ကြာပြီ လို့ ထောက်ပြပြီး သူ့အသင်းကို သတိပေးတဲ့ ပက် ဂွာဒီယိုလာ

မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အာဆင်နယ် အသင်းတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ နှစ်ပေါင်းများစွာ ကြီးစိုးနိုင်ခဲ့တဲ့ အသင်းတွေ ဖြစ်ပြီး၊ သူတို့ နှစ်သင်းကြား ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တဲ့အပြင် ဆုဖလား အောင်မြင်မှုတွေလည်း အသီးသီး ရယူနိုင်ခဲ့ကြပါတယ်။

ဒါပေမယ့် လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အတိတ်က အောင်မြင်မှု ဆိုတဲ့ အခြေအနေတွေက အာမခံချက် မရှိဘူး ဆိုတာ သူတို့ နှစ်သင်းရဲ့ ကာလရှည်ကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုက သက်သေပြနေတယ်လို့ မန်ချက်စတာစီးတီး အသင်းနည်းပြ ပပ်ဂွာဒီယိုလာက သူ့အသင်းကို သတိပေးလိုက်ပါတယ်။

“ပရီးမီးယားလိဂ် ချန်ပီယံ ဆုအတွက် ကျွန်တော်တို့မှာ အချိန်တွေ အများကြီး ရှိနေသေးတယ်လို့ ခင်ဗျား ထင်နေပါလိမ့်မယ်။ ဒါပေမယ့် ချန်ပီယံ တိုက်ပွဲမှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့လို အသင်းတွေကို ယှဉ်ပြိုင်ရတဲ့အခါ ကျွန်တော်တို့ အတွက် အချိန်တွေ အများကြီး မရနိုင်ပါဘူး။”

“အဲဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပွဲစဉ်တိုင်းမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ အချိန်ဆွဲနေလို့ မရပဲ၊ အခွင့်အရေး ရလာတာနဲ့ မိမိရရ အသုံးချနိုင်ဖို့ အရေးကြီးပါတယ်။ အဲလိုမှမဟုတ်ရင် ချန်ပီယံ မဖြစ်နိုင်ပါဘူး။ အာဆင်နယ် အသင်းဟာ အမှတ်ပေး ချန်ပီယံဆုနဲ့ အချိန် အတော်ကြာအောင် ဝေးကွာနေခဲ့တဲ့ အသင်းပါ။”

“အဲဒါကြောင့် သူတို့က ချန်ပီယံဖြစ်ဖို့ အပြင်းအထန် တိုက်ပွဲဝင်လာမှာ ဖြစ်ပြီး၊ ချန်ပီယံဆုနဲ့ အချိန် အတော်ကြာအောင် ဝေးကွာနေတဲ့ အချက်က သူတို့အတွက် တွန်းအားတရပ် ဖြစ်စေနိုင်တဲ့အပြင် တခါတလေမှာ အဲဒီအချက်က အဆုံးအဖြတ်လည်း ဖြစ်သွားနိုင်ပါတယ်။”

“အဲလို အချက်တွေကို ကျွန်တော့် ကစားသမားတွေ သိအောင် အများကြီး ပြောပြပြီး ချန်ပီယံ ဆုအတွက် ကျွန်တော်တို့ ကြိုးစားရမှာပါ။ အခုလိုပြောတာက ကျွန်တော့် ကစားသမားတွေကို သံသယဝင်တာမျိုး မဟုတ်ပါဘူး။ သူတို့ လုပ်သင့်တာကို သိနေဖို့ ပြောပြတာမျိုးပါ။”

“ကျွန်တော် ဒီအသင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာက ကစားသမားတွေရဲ့ ကျေးဇူးကြောင့် ဆိုရင်လည်း မမှားပါဘူး။ ချန်ပီယံ ဆုအတွက် သူတို့တွေရဲ့ လုပ်နိုင်စွမ်းကို ကျွန်တော် ယုံကြည်ထားပြီးသားပါ။ အဲဒါကြောင့် ချန်ပီယံဆု တိုက်ပွဲအတွက် ကျွန်တော်တို့ အဆင်သင့် ရှိနေပါတယ်။”

“၁၉၉၀ပြည့်နှစ်တွေနဲ့ ၂၀၀၀ပြည့်နှစ် နောက်ပိုင်း ကာလတွေမှာ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းတို့ဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ သူတို့နှစ်သင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မရယူနိုင်ခဲ့တာ ဆယ်စုနှစ်တခု ကြာခဲ့ပါပြီ။”

“သူတို့တွေ လွှမ်းမိုးနေတဲ့ အချိန်တုန်းက လက်ရှိမှာ သူတို့ ကြုံတွေ့နေတဲ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားကြမှာ မဟုတ်ပါဘူး။ အဲဒီအချက်ကို ကျွန်တော်တို့ အသင်း သတိထားရလိမ့်မယ်လို့ ပြောချင်ပါတယ်။”

“ကျွန်တော်တို့ အသင်း အနေနဲ့ ချန်ပီယံဆုတွေကို အမြဲတမ်း စိန်ခေါ်နိုင်ရင် နည်းပြ ဒါမှမဟုတ် ကစားသမားတွေ အပြောင်းအလဲလုပ်ဖို့ မလိုအပ်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီအသင်းက လမ်းကြောင်းမှန်ပေါ်မှာ ရှိနေမှာလေ။ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော် ဒီအသင်းမှာပဲ ဆက်နေချင်ပါသေးတယ်။” ဆိုပြီး ဂွာဒီယိုလာက ထုတ်ပြော သွားခဲ့ပါတယ်။