ပရီးမီးယားလိဂ်ရဲ့ ဆု ၂ ဆု က ခုတည်းက ပေးလို့ရနေပြီ၊ ပေးလိုက်ကြပါတော့ လို့ ဖာဒီနန် တောင်းဆို

မန်ချက်စတာ ယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က မန်စီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ဂန်းနားကြယ်ပွင့် ဘူကာယို ဆာကာတို့ဟာ ယခုရာသီ ပရီးမီးယားလိဂ်ရဲ့ ဆုတွေကို ရရှိခဲ့ပြီးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်အသင်းကနေ မန်ချက်စတာစီးတီးကို ပြောင်းရွှေ့လာခဲ့တဲ့ ဟာလန်းဟာ အင်္ဂလန်မှာ ချက်ချင်း ခြေစွမ်းပြသနိုင်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကို ရေပန်းအစားဆုံးဖြစ်နေတာ ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးဟာ စနေနေ့က အဲဗာတန်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်း ယူနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာ ၁၅ ပွဲသာ ကစားရသေးချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂၁ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဟာလန်းရဲ့ နောက်မှာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ကိန်းက ရွှေဖိနပ်ဆုပြိုင်ပွဲမှာ ဒုတိယ နေရာကနေ လိုက်နေတာဖြစ်ပြီး ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနီက အင်္ဂလန်တိုက်စစ်မှူးထက် ၁ ဂိုးလျော့နဲ့ တတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်ကြယ်ပွင့် ဆာကာဟာ ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ ဂန်းနားတွေအတွက် အလွန်ကောင်းမွန်တဲ့ ရာသီစတင်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အတွက် အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ နှစ်သစ်ကူးအကြိုနေ့ညက ဘရိုက်တန်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၆ ဂိုးအထိ ရှိလာခဲ့ပါပြီ။

ဖာဒီနန်ကတော့ ဆာကာကို ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီတာအကောင်းဆုံးလူငယ်ကစားသမားကို ဖြစ်နိုင်သမျှ မြန်မြန်သာ ပေးအပ်လိုက်ဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံလူ ဖာဒီနန်က အာလင်း ဟာလန်းကလည်း စီးတီးမှာ အလွန်ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြသနိုင်ခဲ့ပြီးနောက် တစ်ရာသီတာအကောင်းဆုံးကစားသမားဆုကို ရရှိသင့်တယ်လို့လည်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“ဆာကာက ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဖြစ်ပြီးသားပါ။ သူ့ကို တတ်နိုင်သမျှ စောစော သာ ဆုပေးလိုက်ပါ။ ခင်ဗျား အဲဒီ ဆုပေးနေချိန်မှာ ဟာလန်းကိုလည်း စီနီယာဆု (ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု)ပေးလိုက်ပါ”လို့ တွစ်တာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။