လက်ရှိ မန်ယူအသင်းသား တစ်ဦးကို အသင်းပြောင်းဖို့ တိုက်တွန်းလိုက်တဲ့ သရဲနီဟောင်း ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဗဟို ခံစစ်မှူးဟောင်း တစ်ဦးဖြစ်သူ ရီယို ဖာဒီနန် က ဝုလ်ဗ်နဲ့ ပွဲမှာ အရန်ခုံကနေသာ ရှိခဲ့ပြီး လူစားဝင်ပဲ ကစားခဲ့ရတဲ့ မန်ယူအသင်း ခေါင်းဆောင် ဟယ်ရီ မက်ဂွားယားကို အသင်းပြောင်းလိုက်ဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ဝုလ်ဗ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ မန်ယူ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွားယား ဟာ ပွဲထွက် ကစားခွင့် ပျောက်ဆုံးခဲ့ပြီး ဘယ်နောက်ခံလူ လုခ်ရှော က ဗဟို ခံစစ် နေရာမှာ ဗာရန်းနဲ့ တွဲဖက် ကစားခွင့် ရရှိသွားခဲ့ပါတယ်။

အဲရစ် တန်ဟတ်ဟာ ဒီပွဲမတိုင်မီ နော်တင်ဟမ် ဖောရက်စ် အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း လုခ်ရှောကို ပွဲထွက်ခွင့် ပေးခဲ့ပြီး မက်ဂွားယားကို အရန်လူ အဖြစ် ထားရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ ဖလားမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားအတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

မန်ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က အခွင့်အရေးတွေ ဆုံးရှုံးနေခဲ့ရတဲ့ မက်ဂွားယား ကို အသင်းပြောင်းဖို့ တိုက်တွန်းသွားခဲ့လိုက်ပါတယ်။

” ရှော ဟာ ပြီးခဲ့တဲ့ ပွဲစဉ်တွေတုန်းက ကစားပုံတွေ ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီ နေရာက ကျွန်တော် သူ ကစားတာကို မြင်ချင်တဲ့ နေရာမျိုး မဟုတ်ရပါဘူး။ အထူးသဖြင့် နှစ်ပွဲဆက် ကစားရတာမျိုးပေါ့။ မာတီနက်ဇ် ရောက်လာလို့ သူ ကစားရသေးရင် ကျွန်တော် အံ့သြမိမှာပါ ”

” ကျွန်တော်က သူ့ကို ခံစစ်မှာတောင် သုံးယောက်တန်း ခံစစ်လောက်ပဲ ကစားစေချင်တာပါ။ အခုလို အချိန်မှာ လင်ဒီလော့ဖ် နဲ့ မက်ဂွားယား တို့ကို အရန်ခုံပေါ် မြင်ခဲ့ရတာက ကျွန်တော့်ကို အံ့အားသင့်စေခဲ့ပါတယ်။ သူတို့ ကြံ့ခိုင်မှု မပြည့်ရင် အရန်ခုံပေါ်တောင် ရှိရမှာ မဟုတ်ဘူးလေ ”

” သူတို့ ပွဲထွက် ကစားပေးနိုင်စွမ်း မရှိရင် ဒီလိုလူတွေက အရန်ခုံပေါ်မှာ ရှိနေရမှာ မဟုတ်ပါဘူး။ အခုလို လုခ်ရှော ကို ပွဲထွက်စေလိုက်တာက သူ (တန်ဟတ်) ဖက်က မက်ဂွားယား နဲ့ လင်ဒီလော့ဖ် တို့အပေါ် ဘယ်လို သဘောထားလဲ ဆိုတာကို ပြသလိုက်ခြင်းပါပဲ ”

” ကျွန်တော်သာ မက်ဂွားယား နေရာမှာဆိုရင် အခုပဲ အသင်းသစ် တစ်သင်းကို စတင်ရှာဖွေလိုက်တော့မှာပါ။ ဒါကို ရိုးရိုးသားသား ပြောတာပါ။ သူ အင်္ဂလန်မှာ ဘာတွေ ဘယ်လိုတွေ လုပ်ပြခဲ့သလဲဆိုတာကို ခင်ဗျားတို့ မြင်တွေ့ခဲ့ကြတယ်လေ။ သူဟာ အမှားကင်းခဲ့ပါတယ် ”

” လူတွေ အမျိုးမျိုး ထင်မြင်ချက် ပေးကြပါလိမ့်မယ်။ ဒါပေမဲ့ သူကတော့ အင်္ဂလန် အတွက် အကောင်းဆုံး ပေးဆပ်နိုင်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အတွက်တော့ အခုထိ အလုပ်မဖြစ်သေးဘူးပေါ့ဗျာ။ အခု မန်နေဂျာရဲ့ ရွေးချယ်မှုက သူဟာ ပွဲထွက်ခွင့် နံပါတ်သုံး နေရာတောင် မဝင်တော့ပါဘူး ”

” ကျွန်တော်သာ သူ့နေရာမှာဆိုရင် သူ့ရဲ့ဖိနပ်တွေကိုစီးထားရမယ်ဆိုရင် နည်းပြဆီသွားပြီး ‘ကျွန်တော် ဘောလုံးကို ပျော်ရွှင် ခံစားလို့ရနိုင်မယ့် နေရာ၊ ပွဲထွက်ခွင့်တွေ ရနိုင်မယ့် အသင်း ရှာပေးလိုက်ပါ’ လို့ ပြောလိုက်မိမှာပါပဲ ” လို့ ဖာဒီနန် က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။