ဆော်ဒီ ကလပ် ရောက်ရောက်ချင်းမှာပဲ နည်းပြရဲ့ ဟာသလုပ် စိန်ခေါ်ခြင်း ခံလိုက်ရတဲ့ စီ ရော်နယ်ဒို
အယ်လ် နက်ဆာနည်းပြ ရူဒီ ဂါစီယာဟာ ပေါ်တူဂီ တိုက်စစ်မှူးကို အသင်းက ခေါ်ယူပြီးနောက် ရက်ပိုင်းအကြာမှာပဲ လီယွန်နယ် မက်ဆီနဲ့ပတ်သက်တဲ့ ဟာသ ပြောကြားခဲ့ပြီး ရော်နယ်လ်ဒိုနဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နိုင်တဲ့ စွန့်စားမှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်ပိုင်း အသင်းသစ် ရှာတွေ့ခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး တစ်နှစ် လုပ်ခလစာ ပေါင် ၁၇၃ သန်းနဲ့ ကမ္ဘာပေါ်က လစာအမြင့်မားဆုံး အားကစားသမားဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ရိုးမားနည်းပြဟောင်း ဖြစ်တဲ့ လက်ရှိ အယ်လ် နက်ဆာ နည်းပြ ဂါစီယာက မက်ဆီ ကို သဘောကျတဲ့ သူ ဖြစ်နေပြီး သူ့သဘောထားကို ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ရော်နယ်လ်ဒိုကို ခေါ်ယူမှုနဲ့ပတ်သက်ပြီး မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ နည်းပြ ဂါစီယာက “ပထမဆုံး ကျွန်တော် မက်ဆီကို ခေါ်ဖို့ ကြိုးပမ်းခဲ့တာပါ”လို့ အရွှန်းဖောက် ပြောဆိုခဲ့ပါတယ်။
အယ်လ် နက်ဆာနည်းပြက ကိုယ့်ဘာသာ ဟာသဖောက်ပြီး ရယ်မောနေပေမယ့်လည်း ကစားသမားသစ်ဖြစ်တဲ့ ရော်နယ်လ်ဒို အတွက်တော့ ရယ်စရာမဟုတ်နိုင်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ မန်ချက်စတာယူနိုက်တက်က အချိန်တွေဟာ နည်းပြ တန်ဟက်ရဲ့ မလေးမစား ပြုလုပ်ခြင်း ခံနေတယ်လို့ ယုံကြည်ခဲ့တာကြောင့် အဆုံးသတ်ခဲ့တာဖြစ်ပြီး ဂါစီယာရဲ့ မက်ဆီနဲ့ပတ်သက်ပြီး ဟာသ ဖောက်မှုက အယ်လ်နက်ဆာကြယ်ပွင့်သစ်ရဲ့ အမြင်မကြည်မလင်မှုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။