၂ဝ၂၂ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ကို အပြတ်အသတ် အသာစီးယူပြီး ရသွားတဲ့ လီယွန်နယ် မက်ဆီ
ပီအက်စ်ဂျီကြယ်ပွင့် တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ နိုင်ငံတကာ ဘောလုံးသမိုင်းနဲ့ ကိန်းဂဏန်းအချက်အလက်များ ဖက်ဒရေးရှင်း(IFFHS)ရဲ့ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။
အာဂျင်တီးနားအသင်းခေါင်းဆောင်ဟာ ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ ထူးခြားကောင်းမွန်တဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံးစားသမားဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
မက်ဆီက ၂၀၂၂ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ပြိုင်ပွဲမှာ ၂၇၅ မှတ်နဲ့ ရမှတ် အပြတ်အသတ် အသာစီးရရှိခဲ့တာဖြစ်ပြီး ကလပ်အသင်းဖော် ခီလီယန် အမ်ဘာပေဟာ ရမှတ် ၃၅ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ကာရင် ဘန်ဇီးမားဟာ ရမှတ် ၃၀ နဲ့ တတိယနေရာမှာ ရပ်တည်နေပြီး တစ်ဆက်တည်းမှာပဲ ခရိုအေးရှားကြယ်ပွင့် လူကာ မိုဒစရစ်က ရမှတ် ၁၅ မှတ်နဲ့ စတုတ္ထ၊ အာလင်း ဟာလန်းက ရမှတ် ၅ မှတ်နဲ့ ပဉ္စမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
၂၀၂၂ ခုနှစ်ဟာ လီယွန်နယ် မက်ဆီရဲ့ ကစားသမားဘဝမှာ အတောက်ပဆုံးနှစ်ဖြစ်ခဲ့တယ်လို့တော့ ပြောလို့မရနိုင်ဘဲ ပီအက်စ်ဂျီကြယ်ပွင့်ဟာ ပဲရစ်က ပွဲဦးထွက်ရာသီကို ရုန်းကန်ခဲ့ရပြီးနောက် ကမ္ဘာပေါ်က နံပါတ် တစ် ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ ထိပ်တန်းခြေစွမ်း ပြန်လည်ပြသခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ဧပြီလမှာ ပီအက်စ်ဂျီအသင်းနဲ့အတူ လိဂန်းဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် အာဂျင်တီးနားအသင်းကို ဇွန်လတုန်းက အီတလီနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ဖိုင်နယ်လစ်ဆမာဖလားကို ရယူပေးခဲ့တာ ဖြစ်ပါတယ်။
လီယွန်နယ်မက်ဆီရဲ့ ၂၀၂၂-၂၀၂၃ ရာသီအစဟာ ဇူလိုင်လမှာ ပီအက်စ်ဂျီက နွန့်စ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ပြင်သစ်စူပါဖလားကို ကိုင်မြှောက်နိုင်ခဲ့တာနဲ့စတင်ခဲ့ပြီး လိဂန်းထိပ်သီးအသင်းကြီးအတွက် အာဂျင်တီးနားကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားနားရက်မတိုင်ခင် ပြိုင်ပွဲစုံ ၁၉ ပွဲမှာ သွင်းဂိုး ၁၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားအသင်း ၁၉၈၆ ခုနှစ်နောက်ပိုင်းဝေးကွာနေတဲ့ ကမ္ဘာ့ဖလားကို ရရှိအောင် သွင်းဂိုး ၇ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ်နဲ့ ကူညီပေးနိုင်ခဲ့ပြီး တသက်တာအကောင်းဆုံးကစားသမားဆိုတဲ့ဂုဏ်ပုဒ်ကို အခိုင်အမာ ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။