ဘင်ဖီကာ တောင်းတဲ့ ကြေး မပေးနိုင်လို့ အန်ဇို ဖာနန်ဒက်စ်ကို မခေါ်နိုင်သေးဘဲ တန့်နေတဲ့ ချယ်ဆီး

ချယ်ဆီး က သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်သူ အန်ဇို ဖာနန်ဒက်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းခဲ့ပေမယ့် ဘင်ဖီကာရဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုမှုကြောင့် ဖာနန်ဒက် အတွက် လုပ်ဆောင်နေတဲ့ ဆွေးနွေးမှုတွေကို ရပ်တန့်လိုက်ရကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ချယ်ဆီး က အားနည်းချက်တွေ များလွန်းနေတဲ့ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကစားသမားဆုကို ရထားတဲ့ ဘင်ဖီကာကြယ်ပွင့် အန်ဇို ဖာနန်ဒက်ကို ယခု ဆောင်းဈေးကွက် အတွင်းမှာတင် ခေါ်ယူဖို့ အသည်းအသန် ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

အသက် ၂၁နှစ် အရွယ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်က ဗဟိုကွင်းလယ်၊ ကွင်းလယ် ခံစစ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်းရှိသူ တဦး ဖြစ်ပြီး သူက သူ့ရဲ့ ကစားသမားဘဝ အတွက် ချယ်ဆီးဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။

ချယ်ဆီးက အန်ဇို ဖာနန်ဒက်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဘင်ဖီကာနဲ့ အန်ဇို ဖာနန်ဒက် အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရယူနိုင်ဖို့ ကြိုးစားခဲ့ပြီး ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေနဲ့ ဘင်ဖီကာရဲ့ တာဝန်ရှိသူတွေက အပြောင်းအရွှေ့ အတွက် ၃ရက်ဆက်တိုက် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ချယ်ဆီး နဲ့ ဘင်ဖီကာက အန်ဇို ဖာနန်ဒက် ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ခဲ့ပေမယ့် ဘင်ဖီကာဘက်က အန်ဇို ကို ဆောင်း ဈေးကွက် အတွင်းမှာ ခေါ်ယူချင်ရင် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၂၀သန်း ပေးမှပဲ ရမယ်လို့ အကြောင်းပြန်ပြီးနောက် အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့ကြောင်းနဲ့ ချယ်လ်ဆီးက အန်ဇို ဖာနန်ဒက်အတွက် အမြင့်ဆုံး ယူရို ၈၅သန်းသာ ပေးချေချင်နေကြောင်း သိရပါတယ်။

အာဂျင်တီးနား အခြေစိုက် သတင်းဌာနတွေကလည်း ချယ်ဆီး နဲ့ ဘင်ဖီကာတို့ ကြားထဲမှာ အန်ဇို ဖာနန်ဒက် အတွက် ဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးထားကြပြီး ချယ်ဆီး ကတော့ အန်ဇို ဖာနန်ဒက်ကို မခေါ်ယူနိုင်ရင် ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုကို အစားထိုး ခေါ်ယူဖို့ စတင် စဉ်းစားနေပါတယ်။