ဆော်ဒီ စရောက်တည်းက ဥပဒေ ချိုးဖောက်နေပေမယ့် ရော်နယ်ဒိုကို ခွင့်ပြုပေးထားဖို့ အာဏာပိုင်တွေ ဆုံးဖြတ်

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်တို့ဟာ လက်မထပ်ရသေးတဲ့ စုံတွဲတွေ အတူတူနေထိုင်တဲ့အပေါ်မှာ တင်းကြပ်ထားတဲ့ ဆော်ဒီ အာရေဗျရဲ့ ဥပဒေကို ချွင်းချက်ထားပေးခြင်းခံရမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အယ်လ် နက်ဆာအသင်းနဲ့တစ်ရာသီကိုပေါင် ၁၇၃ သန်းတန်ကြေးရှိတဲ့ ၂ နှစ်ခွဲ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုကို ယခုအပတ်အစောပိုင်းမှာ အယ်လ် နက်ဆာအသင်းက ကစားသမားသစ်အဖြစ် ထုတ်ဖော် မိတ်ဆက်ခဲ့တာဖြစ်ပြီး ၆ နှစ်နီးပါး အတူတူနေထိုင်လာတဲ့ ချစ်သူ ဂျော်ဂျီနာ ရိုဒရီဂွက်ဇ်နဲ့ သားသမီးတွေကလည်း Mrsool Park က ပရိသတ်ပေါင်း ၂၅၀၀၀ ကျော်ကို နှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်မထပ်ရသေးတဲ့ စုံတွဲတွေအနေနဲ့ အတူတူ နေထိုင်မယ်ဆိုရင် ဆော်ဒီ အာရေဗျရဲ့ ဥပဒေကို ချိုးဖောက်ရာကျမှာ ဖြစ်ပေမယ့်လည်း ရော်နယ်လ်ဒိုနဲ့ ကလေး ၂ ဦးမိခင် ဂျော်ဂျီနာတို့ဟာ ပေါ်တူဂီကြယ်ပွင့်ရဲ့ ကမ္ဘာပေါ်က ထင်ပေါ်အကျော်ကြားဆုံးအားကစားသမားတွေထဲက တစ်ဦးဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ချွင်းချက်ပေးခြင်းခံရမှာဖြစ်တယ်လို့ SPORT က ဖော်ပြခဲ့ပါတယ်။

SPORT သတင်းဌာန အဆိုအရ ဆော်ဒီ အာဏာပိုင်တွေအနေနဲ့ ရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာတို့ကြားကို ကြားဝင်မှာ မဟုတ်ဘူးလို့ ခန့်မှန်းခဲ့တဲ့ ဆော်ဒီ ရှေ့နေ ၂ ဦးရဲ့ ပြောစကားကို ဖော်ပြခဲ့တာဖြစ်ပါတယ်။

“ဥပဒေက လက်ထပ်စာချုပ်မရှိဘဲ အတူတကွပေါင်းသင်းနေထိုင်ခြင်းကို တားမြစ်ထားဆဲဖြစ်ပေမယ့်လည်း အာဏာပိုင်တွေဟာ မျက်စိမှိတ်ပြီး ဘယ်သူ့ကိုမှ တရားမစွဲဘဲ စနေတော့မှာပါ။ ဟုတ်တာပေါ့။ ဒီဥပဒေတွေက ပြဿနာ ဒါမှမဟုတ် ပြစ်မှုကျူးလွန်မှု ရှိတဲ့အချိန်ကျရင် အသုံးပြုတာပါ”လို့ ပထမရှေ့နေတစ်ဦးက ပြောကြားခဲ့ပါတယ်။

ဒုတိယရှေ့နေကလည်း “ဒီကနေ့ ဆော်ဒီ အာရေဗျ အာဏာပိုင်တွေက ဒီကိစ္စမှာ ကြားဝင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဥပဒေကတော့ လက်မထပ်ဘဲ အတူတကွပေါင်းသင်းခြင်းကိုတော့ ဆက်ပြီး တားမြစ်ထားမှာပါ”လို့ ထပ်လောင်းပြောကြား ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ အရှေ့အလယ်ပိုင်းမှာ ပွဲဦးထွက် ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး အယ်လ် နက်ဆာဟာ ခွင့်ပြုထားတဲ့ ပြည်ပကစားသမားအရေအတွက် ကျော်လွန်နေတာကြောင့် ပေါ်တူဂီတိုက်စစ်မှူးကို ကစားသမားသစ် အဖြစ် စာရင်းသွင်းနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။