အသင်းကြီး မာန် ပျောက်သွားပြီး မန်စီးတီးလို အသင်းကို ယှဉ်ကစားနိုင်လို့ ကျေနပ်တယ် ဖြစ်နေတဲ့ ချဲလ်ဆီး နည်းပြ ပေါ်တာ
မနေ့က ပရီးမီးယားလိဂ် ပွဲမှာ ဧည့်သည် မန်စီးတီးက အိမ်ရှင် ချဲလ်ဆီးကို အသာစီးနဲ့ ကစားသွားနိုင်ခဲ့ပြီး ချဲလ်ဆီး အသင်း ကတော့ တန်ပြန်တိုက်စစ်တွေနဲ့ မန်စီးတီးကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ၁-ဝ နဲ့ ရှုံးနိမ့် ခဲ့ပါတယ်။
ချဲလ်ဆီး ဘက်က စတာလင်းနဲ့ ပူလီဆစ်တို့ ဒဏ်ရာ ရသွားတာကြောင့် စီစဉ်ထားသလို ဖြစ်မလာခဲ့ဘဲ မာရက်ဇ်ရဲ့ ပွဲချိန် ၆၃မိနစ်မှာ သွင်းယူခဲ့တဲ့ တစ်လုံးထဲသော သွင်းဂိုးကြောင့်ပဲ မန်စီးတီးကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။
ချဲလ်ဆီး ဝ-၁ မန်စီးတီး ပွဲအပြီးမှာတော့ ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာက သူဟာ ရှုံးပွဲအတွက် စိတ်ပျက်မိပေမယ့် မန်စီးတီးကို အကောင်းဆုံး ယှဉ်ပြိုင် ကစားနိုင်ခဲ့တဲ့ ကစားသမားတွေရဲ့ ကစားပုံအတွက် ကျေနပ်မိကြောင်း ဆိုလာပါတယ်။

ပေါ်တာက “ကျွန်တော်တို့က တစ်ပွဲလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင် ကစားသမားတွေက သူတို့မှာ ရှိတဲ့ အရာ အားလုံးကို ပေးဆပ် ကစားခဲ့ကြတာကို မြင်တွေ့ရပါလိမ့်မယ်။ စတာလင်း ပူလီဆစ်တို့ အစောကြီး ဒဏ်ရာ ရသွားတာတောင် ကစားသမားတွေက အကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ်။
ဒီပွဲက စိတ်ဓာတ်နဲ့ ကစားသွားခဲ့တဲ့ပွဲပါ။ ကျွန်တော်တို့က ထိပ်တန်းအသင်း တစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဂိုးသွင်းခွင့် တွေလည်း ရခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ရလဒ်ပိုင်းကို စိတ်ပျက်မိတာကလွဲရင် ကစားသမားတွေရဲ့ ကြိုးစား အားထုတ်မှုနဲ့ ကစားပုံအတွက် ဂုဏ်ယူရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။
ချဲလ်ဆီး အသင်းက ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့ကို ရည်မှန်းနေဆဲလားဆိုတဲ့ မေးခွန်းကို ပေါ်တာက –
”ကျွန်တော်တို့ ရောက်နေတဲ့ အခြေအနေမှာ နောက်လာမယ့် ၅ လအတွင်း ဘာဖြစ်မယ်ဆိုပြီး ကြိုပြီး စဉ်းစားနေတာမျိုး မလုပ်သင့်ပါဘူး။ နောက်ရက်မှာ နောက်ပွဲမှာ ဘာဖြစ်မယ်ဆိုတဲ့ အပေါ်မှာပဲ အာရုံစိုက်သင့်ပါတယ်။
ကျွန်တော်တို့ အတူတကွ ဆက်ပြီး ကြိုးစားမယ်၊ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ဆက်ထိန်းသွားမယ်၊ ဆက်ပြီး စိန်ခေါ်နေမယ်ဆိုရင် ကိုယ့်ရဲ့ လမ်းကြောင်းပေါ် ရောက်လာမှာပါ။”လို့ ပြောပါတယ်။