၂၄ နာရီအတွင်း ကြည့်ရှုသူ ၁၇ သန်းကျော်ထိ ပေါက်သွားတဲ့ ရော်နယ်လ်ဒိုရဲ့ ပွဲဦးထွက် သွင်းဂိုး ဗီဒီယို

ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး စီ ရော်နယ်ဒို ဟာ အသင်းသစ် အယ်လ် နက်ဆာအတွက် ကစားပေးရခြင်း မရှိသေးပေမယ့်လည်း Youtuber တစ်ဦးဟာ ရော်နယ်လ်ဒိုရဲ့ပွဲဦးထွက်သွင်းဂိုးလို့ ခေါင်းစဉ်တပ်ထားတဲ့ ဗီဒီယိုကို တင်ခဲ့ရာ ၂၄ နာရီ အတွင်းမှာပဲ ကြည့်ရှုသူပေါင်း ၁၇ သန်းအထိ အံ့အားသင့်ဖွယ် ရရှိခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ယခုအပတ်အစောပိုင်းမှာ Mrsool Park က အယ်လ် နက်ဆာ ပရိသတ်တွေ အားလုံးရှေ့မှာ ကစားသမားသစ်အဖြစ် ထုတ်ဖော် မိတ်ဆက်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒို ဟာ ကြာသပတေးနေ့က ၂၄ နာရီ ရွှေ့ဆိုင်းခဲ့တဲ့ အယ်လ် တာအီးနဲ့ပွဲမှာ ပွဲဦးထွက် ပါဝင်ကစားပေးဖို့ စီစဉ် ထားခဲ့တာဖြစ်ပါတယ်။

အယ်လ် နက်ဆာအသင်းဟာ အယ်လ် တာအီးနဲ့ ယနေ့မှာ တွေ့ဆုံယှဉ်ပြိုင်သွားလိမ့်မယ်လို့ မျှော်မှန်းခြင်း ခံထားရပေမယ့်လည်း ရော်နယ်လ်ဒိုရဲ့ အင်္ဂလန်မှာ ထိထားတဲ့ ၂ ပွဲပယ်ပြစ်ဒဏ်ကြောင့် ပွဲဦးထွက်ကစားပေးဖို့ စောင့်ဆိုင်း နေရတာ ဖြစ်ပါတယ်။

ဒီလိုဖြစ်နေတဲ့အချိန်မှာ Youtuber တစ်ဦးဟာ အယ်လ် နက်ဆာနဲ့ အယ်လ် တာအီးတို့ကြား ရွှေ့ဆိုင်းခဲ့တဲ့ ပွဲစဉ်ရဲ့ ဟိုက်လိုက်ဗီဒီယိုကို တင်ခဲ့ပြီး ခေါင်းစဉ်မှာ ရော်နယ်လ်ဒိုက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့တယ်လို့ ရေးသားခဲ့တာ ဖြစ်ပါတယ်။

အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပဲ အဲဒီဗီဒီယိုကို ကြည့်ရှုသူ ၁၇ သန်းအထိ ရှိခဲ့ပြီး ပုံထဲမှာ ရော်နယ်လ်ဒိုက ဂျူဗင်တပ် အသင်းဖော်ဟောင်း လိုကာတယ်လီကို ပွေ့ဖက်ထားပြီး ရုတ်တရက်ကြည့်လိုက်ရင် လက်ရှိ အယ်လ် နက်ဆာ အသင်းရဲ့ ဂျာစီနဲ့ တော်တော်လေး ဆင်တူနေခဲ့တာဖြစ်ပါတယ်။