အာဆင်နယ်ကို စာရင်း မသွင်းဘဲ အင်္ဂလန်မှာ အတောင့်ဆုံး ၂ သင်းကို ရွေးထုတ်သွားတဲ့ မန်ယူနည်းပြ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ အဲရစ် တန်ဟက် က အာဆင်နယ် အသင်းဟာ ဒီရာသီ မှာ ဇယားထိပ်မှာ မင်းမူနေတဲ့ အသင်း ဖြစ်နေပေမယ့် ချန်ပီယံဆု အတွက် အဓိက ကျော်ဖြတ် ရမယ့် နှစ်သင်းဟာ မန်စီးတီး နဲ့ လီဗာပူး ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

အာဆင်နယ် အသင်းဟာ ဒီနှစ်မှာ အမြင့်ပျံသန်းနေတဲ့ အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ရပ်တည်ကာ ဒုတိယ နေရာက လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီး အသင်းကို ၅ မှတ် ဖြတ်ထားပါတယ်။

မန်ယူ နည်းပြ တန်ဟက် က ” ရာသီ အစတုန်းက ရလဒ်ဆိုးတွေ ကြုံခဲ့ရပေမယ့် အခု အချိန်မှာ ဒီအဆင့် ရောက်နေတာကို ကျေနပ်သင့်တယ်လို့ ကျနော် ကတော့ မြင်ပါတယ်။ ကျနော်တို့ အသင်းက မန်ချက်စတာ စီးတီး အသင်း နဲ့ ယှဉ်ပြိုင်နိုင်တဲ့ အနေအထား မရှိသေးပါဘူး။ ”

” မန်စီးတီး အသင်းက ကျနော်တို့ထက် မြင့်မားတဲ့ အဆင့် နေရာမှာပဲ ရှိနေပါသေးတယ်၊ လီဗာပူး အသင်းလည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာဖို့ ကျနော်ကတော့ မျှော်လင့်ပါတယ်၊ မန်စီးတီး နဲ့ လီဗာပူး အသင်း နှစ်သင်းက အင်္ဂလန်မှာ အတောင့်တင်းဆုံး နှင့် အနိုင်ယူ ကျော်ဖြတ်ဖို့ အခက်ခဲဆုံး အသင်း နှစ်သင်း ဖြစ်ပါတယ်။ ”

” အာဆင်နယ်ကလည်း တကယ့်ကို စူပါ ဘောလုံးရာသီကို ပိုင်ဆိုင်ထားပြီး အမှတ်ပေး ဇယားမှာ တခြား အသင်းတွေထက် အပြတ်အသာ ရနေတယ်။ ကျနော်တို့အသင်းကတော့ ချန်ပီယံလိဂ် ဝင်ခွင့် လက်မှတ် အတွက် ချဲလ်ဆီး၊ နယူးကာဆယ်၊ စပါး တို့ နဲ့ ယှဉ်ပြိုင် ရမှာပါ၊ ဒါကြောင့် ပြိုင်ဆိုင်မှု က ကြီးမားတယ် ဆိုနိုင်ပါတယ်။ ”

” ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်က ချန်ပီယံလိဂ် ကစားခွင့် ရရှိရေး ဖြစ်ပါတယ် ၊ ချန်ပီယံလိဂ် ကစားရဖို့ က ကျနော်တို့ရဲ့ ပန်းတိုင် အဖြစ် အမြဲတမ်း ရှိနေရမှာပါ ၊ ဒါကိုသာ လုပ်နိုင်ခဲ့ရင် ကျနော်တို့အတွက် ချန်ပီယံဆုကြီး ရသွားသလိုပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ်။