ရော်နယ်ဒို စည်းမျဉ်းသစ်ကြောင့် ရက်ဖို့ဒ်၊ ဒီဂီယာ၊ ကာဆီမီရို စတဲ့ လက်ရှိ မန်ယူအသင်းသားတွေ အသင်းပြောင်းဖွယ် ရှိလာ
မန်ချက်စတာ ယူနိုက်တက်ဟာ ကလပ်ရဲ့ အဝတ်လဲခန်းအတွင်း အသင်းဖော်တွေ ကြားမှာ လုပ်ခလစာ အတွက် ပြဿနာကြီးတွေ မပေါ်ပေါက်စေရေး ‘Ronaldo rule’ တစ်ခုကို မိတ်ဆက်သွားတော့မယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။
လုပ်ခလစာကန့်သတ်မယ့် ရော်နယ်ဒို စည်းမျဉ်းကို အခုလို သတ်မှတ်လိုက်တာက လက်ရှိ ကစားသမား များစွာ အသင်းက ထွက်ခွာမှုများစွာ ဖြစ်လာနိုင်ပါတယ်။
ရော်နယ်ဒို စည်းမျဉ်းဆိုတာကတော့ ဘယ်ကစားသမားမှ တစ်ပတ် ပေါင် ၂ သိန်းထက် မပိုရဆိုတဲ့ ကန့်သတ်မှုပါ။

တစ်ပတ်ပေါင် ၅ သိန်းရခဲ့တဲ့ စီရော်နယ်ဒိုက ကွင်းတွင်း၊ ကွင်းပြင် ပြသနာတွေဖန်တီးခဲ့ပြီး ကလပ်နဲ့စာချုပ်ဖျက်သိမ်း ခဲ့ရပြီးနောက် အဲဒီလိုလုပ်ဖို့ ကလပ် တာဝန်ရှိသူတွေက စီစဉ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက မန်ယူ အဝတ်အစားလဲခန်းအတွင်းမှာ မတည်ငြိမ်မှုများစွာပေါ်ပေါက်ခဲ့တာပါ။ နည်းပြ တန်ဟက် ရောက်လာပြီးနောက် မန်ယူ အသင်းဟာ ပြန်လည်စုစည်း ညီညွတ်သွားခဲ့တာပါ။
ဒီနောက် နောက်တစ်ဆင့်အနေနဲ့ အဝတ်လဲခန်းထဲ မနာလိုတာတွေ မရှိရအောင် လုပ်ခလစာကန့်သတ်ဖို့ နယ်သာလန်သား နည်းပြနဲ့ အသင်းအမှုဆောင်ချုပ် ရစ်ချက် အာနိုးတို့က ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစည်းမျဉ်းသစ်က အသင်းရဲ့ ကစားသမားများစွာအပေါ် သက်ရောက်မှု ရှိတော့မှာပါ။ လောလောဆယ် တစ်ပတ် ပေါင် ၃ သိန်းခွဲရနေတဲ့ ဂိုးဒီဂီယာဟာ စာချုပ်သစ်ချုပ်မယ်ဆို လစာလျှော့ယူရတော့မှာပါ။
မန်ချက်စတာ အသင်းမှာ လုပ်ခလစာအများဆုံး အခြား ကစားသမားတွေဖြစ်ကြတဲ့ ဘရူနိုဖာနန်ဒက်ဇ်၊ ဗာရန်း၊ မက်ဂွိုင်းယားနဲ့ ကက်စမဲရိုးတို့ဟာလည်း လက်ရှိလစာထက် လျှော့ယူရတော့မှာ ဖြစ်ပါတယ်။
ဒီစည်းမျဉ်းက ဒီရာသီ အကောင်းဆုံးခြေစွမ်းပြနေတဲ့ တိုက်စစ်မှုးရက်ရှ်ဖို့ဒ်အပေါ် အဓိက သက်ရောက်မှာပါ။ ပီအက်စ်ဂျီရဲ့ အဓိက စိတ်ဝင်စားခြင်း ခံနေရတဲ့ရက်ရှ်ဖို့ဒ်ဟာ မန်ယူမှာ လစာများများမရနိုင်ရင် စာချုပ်သက်တမ်း သိပ်မကျန်တော့လို့ အသင်းပြောင်းဖို့ ဆုံးဖြတ်သွားနိုင်ခြေ ရှိနေပါတယ်။