မန်ချက်စတာ ယူနိုက်တက် အသင်းအား တရားဝင် စာထုတ် တောင်းပန်ခဲ့ရတဲ့ ပရီးမီးယားလိဂ်
ပွဲစဉ်တွေ အလွန်ကြပ်နေနေတဲ့ ကာလမှာပဲ ပဲလေ့စ်နဲ့ ပွဲစဉ်ကို ထည့်သွင်း ရေးဆွဲခဲ့မိတဲ့အတွက် မန်ချက်စတာ ယူနိုက်တက် အသင်းအား တောင်းပန်ကြောင်း ပရီးမီးယားလိဂ်က တရားဝင် သတင်းထုတ်ပြန် ကြေညာခဲ့ပါတယ်။
အဲရစ်တန်ဟတ်ရဲ့ အသင်းဟာ အဲဗာတန်ကို ၃-၁ ဂိုး နဲ့ အနိုင်ရပြီးတဲ့နောက် အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့်ကို တက်ရောက် နိုင်ခဲ့ပြီး ပြိုင်ပွဲ ၄ ရပ်မှာ ရှင်သန်နေဆဲ အသင်း တစ်သင်း ဖြစ်နေပါတယ်။
သရဲနီတွေဟာ အင်္ဂါနေ့မှာ ကာရာဘောင်းဖလား ပွဲ အဖြစ် ချာလ်တန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အဲဒီပွဲပြီးရင် မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ပွဲ ကျန် ကစားရမှာဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ ပရီးမီးယားလိဂ် အမှတ် ပေးဇယားထိပ်ဆုံးက အာဆင်နယ်နဲ့ အဝေးကွင်းပွဲစဉ် သွားရောက် ကစားရ တော့မှာ ဖြစ်ပါတယ်။
ဒါကြောင့် လာမယ့် သီတင်း ပတ်ဟာဆိုရင် နည်းပြ တန်ဟတ်ရဲ့ စွမ်းဆောင်ရည်နဲ့ အသင်းအပေါ် စီမံ ခန့်ခွဲနိုင်မှုကို မှတ်ကျောက်တင်တော့မယ့် ကာလဖြစ်ပြီး ၁၂ ရက် ကာလအတွင်းမှာ ပွဲစဉ် ၄ ပွဲ ဆက်တိုက် ကစားရတော့မှာပါ။
ပုံမှန်ဆိုရင်တော့ မန်ယူအသင်းဟာ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ကစားမယ့် ပဲလေ့စ်နဲ့ပွဲစဉ်ကို စက်တင်ဘာလကတည်းက ကစားခဲ့ရမှာဖြစ်ပြီး ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် နတ်ရွာစံသွားတဲ့အတွက် အဲဒီပွဲကို ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်လို့ အခုဇန်နဝါရီလကျမှ ပွဲကျန်အဖြစ် ထပ်ပေါင်းထည့်ပြီး ကစားစေတာ ဖြစ်ပါတယ်။
အခုလိုမျိုး ပွဲကြပ် ကာလရောက်တော့မှ ပွဲကျန်တစ်ပွဲကို ထပ် ပေါင်းထည့်ပေးမိတဲ့အတွက် ပရီးမီးယားလိဂ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို တရားဝင် ဝက်ဘ်ဆိုက် ကနေတစ်ဆင့် ကြေညာချက်ထုတ်ပြီး တောင်းပန်ခဲ့ပါတယ်။
” ပဲလေ့စ်နဲ့ မန်ယူတို့ရဲ့ ပွဲစဉ်ကို ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစား မှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်ရဲ့ ပွဲချိန်နဲ့ ပတ်သက်ပြီး အချိန်နောက်ကျမှ သတိ ပေးမိတဲ့အတွက် ပရီးမီးယားလိဂ်က တောင်းပန်ပါတယ်။
နောက်ပြီး ပရိသတ် တွေရဲ့ အမျက်ဒေါသကိုလည်း စာနာ နားလည်ပါတယ်။ ပွဲကျန်တွေ ပြန်ပေါင်း ထည့်တဲ့နေရာမှ ပိုကောင်းတဲ့ သတိပေးမှုတွေလုပ်နိုင်အောင် ကျွန်တော်တို့ ကြိုးစားနေချိန်မှာပဲ ဒီပွဲစဉ်ဇယားတွေနဲ့ ပတ်သက်ပြီး မမျှော်လင့်တဲ့ အခြေအနေတွေကြောင့် မစွမ်းသာခဲ့တာပဲ ဖြစ်ပါတယ်။ ” လို့ ပရီးမီးယားလိဂ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။