အယ်နာဆာ ဂျာစီ မဝတ်ဘဲ မဟာပြိုင်ဘက် မက်ဆီနဲ့ အရင် ထိပ်တိုက်တွေ့ဦးမယ့် စီ ရော်နယ်ဒို
ခရစ္စတီယာနို ရော်နယ်ဒိုဟာ အရှေ့အလယ်ပိုင်း ဒေသမှာ ကစားတဲ့ သူ့ ပွဲဦးထွက် အဖြစ် ကလပ်အသင်းသစ် အယ်နာဆာနဲ့ ကစားရမှာ မဟုတ်ဘဲ ဆော်ဒီ အာရေဗျ ဘောလုံးကြယ်ပွင့်တွေ ကိုယ်စားပြုတဲ့ အသင်းမှာ ပါဝင်ပြီး မဟာပြိုင်ဘက် မက်ဆီရဲ့ ပီအက်စ်ဂျီ အသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ပေါ်တူဂီကြယ်ပွင့် ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းပြီး တစ်လလောက် အကြာမှာပဲ ဆော်ဒီကလပ် အယ်နာဆာ အသင်းထံ ပြောင်းရွှေ့ လာခဲ့တာပါ။
ဒါပေမယ့် ဘလွန်းဒီအော ငါးဆုရှင်ဟာ အကြောင်းကြောင်းကြောင့် အခုထိ ကလပ်အသင်းသစ်နဲ့ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ အယ်နာဆာမှာ ပြည်ပ ကစားသမား ခေါ်ယူခွင့် လစ်မစ် ပြည့်နေလို့ ရော်နယ်ဒို ကို စာရင်းသွင်းဖို့ နှောင့်နှေးနေရတဲ့ အပြင် စာရင်းသွင်းပြီးရင်လည် ရော်နယ်ဒိုက ပွဲပယ် ၂ ပွဲ ထိဖို့ ရှိနေသေးတာပါ။
ဒါကြောင့် ရော်နယ်ဒို ပွဲထွက် စတင် ကစားရတဲ့ ပွဲဟာ အယ်နာဆာနဲ့ မဟုတ်တော့ဘဲ ဆော်ဒီ All Star အသင်းနဲ့ အတူ ပီအက်စ်ဂျီနဲ့ ချစ်ကြည်ရေးပွဲ ကစားတဲ့ ပွဲ ဖြစ်သွားဖွယ် ရှိနေကြောင်း နည်းပြ ဂါစီယာ က သတင်းထောက်တွေအား ပြောဆိုခဲ့တာပါ။

” ရော်နယ်ဒိုရဲ့ ပွဲဦးထွက်ကတော့ အယ်နာဆာ ဂျာစီနဲ့ ဖြစ်မှာ မဟုတ်တော့ဘူး။ အယ်ဟီလယ်နဲ့ အယ်နာဆာ နှစ်သင်းပေါင်း All star အသင်းမှာ ဖြစ်မယ်။ အယ်နာဆာ နည်းပြ အနေနဲ့တော့ ဒီပွဲကို သိပ် သဘောမကျလှပါဘူး။
ဒါပေမယ့် တိုးတက်မှု ရဖို့ရော ပါလက်စတိုင်းသားတွေက ပီအက်စ်ဂျီ အသင်းနဲ့ ယှဉ်ခွင့်ရမှာရောက တကယ် ကောင်းတဲ့ ကိစ္စပါ။
အဲဒီပွဲ ပြီးရင် နောက်သုံးရက်မှာ ချန်ပီယံရှစ် ပွဲ ရှိနေတယ်။ ဒီတော့ ပွဲတော့ နည်းနည်း ကြပ်တာပေါ့။ ကိစ္စကြီးတော့ မဟုတ်ပါဘူး။ ပွဲက ခက်ခဲပေမယ့် အနိုင်ရအောင် ကြိုးစားမှာပါ။ ” လို့ အယ်နာဆာ နည်းပြက ပြောဆိုသွားခဲ့တာပါ။
ရော်နယ်ဒိုက ဇန်နဝါရီ ၁၉ ရက်နေ့မှာ မက်ဆီရဲ့ ပီအက်စ်ဂျီ အသင်းနဲ့ ထိပ်တိုက်တွေ့ဖို့ အရင် ပွဲထွက်မှာ ဖြစ်ပြီး ၂၂ ရက်နေ့မှာမှ အယ်နာဆာကလပ်နဲ့ ပွဲဦးထွက်ရဖွယ် ရှိပါတယ်။