ပေါ်တာရဲ့ ချဲလ်ဆီး နည်းပြ နေရာကို ယူဖို့ မျက်စောင်းထိုးနေတဲ့ ပြိုင်ဘက် အသင်း နည်းပြဟောင်း

တော့တင်ဟမ်ဟော့စပါးနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုက ချဲလ်ဆီး အသင်းသာ လက်ရှိနည်းပြ ဂရေဟမ်ပေါ်တာကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခံရမယ်ဆိုရင် သူ အစားထိုး ဝင်ရောက်လာဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ နည်းပြသောမတ်စ်တူဟယ်လ်ကို အသင်းကနေ ထုတ်ပယ်ပြီးနောက်မှာ ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာနဲ့ ပြန်လည် အစားထိုးခဲ့ပေမဲ့ အင်္ဂလန်လူမျိုး ဘောလုံးနည်းပြ ပေါ်တာက ချဲလ်ဆီးကို (၁၈)ပွဲ ကိုင်တွယ်ထားခဲ့ရာမှာ (၆)ပွဲအထိ ရှံးပွဲတွေ့ထားခဲ့ရသလို (၄)ပွဲသရေကျထားခဲ့ပါတယ်။

ပိုဆိုးတာက ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးချိန် ကလပ်အသင်းပွဲတွေ ပြန်လည် စတင်ချိန်မှာ ချဲလ်ဆီး အသင်းက (၄)ပွဲ ကစားထားရပြီး အဲ့ဒီထဲကမှ (၁)ပွဲကိုသာ အနိုင်ရထားလို့ နည်းပြပေါ်တာရဲ့ အနာဂတ်ဟာလည်း လှုပ်ခတ်လာခဲ့ရပါတယ်။

လက်ရှိအချိန်မှာ ပေါ်တာရဲ့ ချဲလ်ဆီး အသင်းက ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာလည်း အဆင့်(၁၀)အထိ ရပ်တည်နေရသလို ပြည်တွင်း ရှုံးထွက်ပြိုင်ပွဲတွေဖြစ်တဲ့ အက်အေဖလားနဲ့ လိဂ်ဖလားပြိုင်ပွဲတွေကလည်း စောစောစီးစီး ထွက်ခွာထားခဲ့ရပါတယ်။

တကယ်လို့ ဒီလို အခြေအနေတွေကြောင့် ချဲလ်ဆီး ဘက်က နည်းပြပေါ်တာကိုသာ အသင်းကနေ ထုတ်ပယ် လိုက်မယ်ဆိုရင်တော့ လစ်လပ်သွားမဲ့ ချဲလ်ဆီး နည်းပြ နေရာကို ပိုချက်တီနိုက အစားထိုး ဝင်ရောက်သွားချင်နေတယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။

အက်စပန်ညို ဆောက်သမ်တန် စပါးနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ နည်းပြဟောင်း ပိုချက်တီနိုဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာပဲ ပီအက်စ်ဂျီအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက်ပိုင်း လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရပြီး လက်ရှိမှာလည်း နည်းပြအလုပ်ကို ပြန်လည် လုပ်ကိုင်ဖို့ စိတ်အားထက်သန်လို့နေပါတယ်။

အာဂျင်တီးနားလူမျိုး နာမည်ကြီး ဘောလုံးနည်းပြ ပိုချက်တီနိုဟာ စပါးနည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်တုန်းက စပါးအသင်း ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့သလို နှစ်တိုင်းလိုလိုမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

တချိန်ကတော့ ချဲလ်ဆီး အသင်းရဲ့ လန်ဒန်မြို့ခံ ပြိုင်ဘက် စပါးအသင်းကို ကိုင်တွယ်ဖူးသူ ဖြစ်ပေမယ့် ပိုချက်တီနို တစ်ယောက် ချဲလ်ဆီးထံ တကယ်ရောက်လာမလား ဆိုတ စောင့်ကြည့်ရင်ခုန်ရဦးမှာပါ။