အယ်လ် နက်ဆာရဲ့ ပြည်တွင်း ပြိုင်ဘက်အသင်းက မက်ဆီကို မက်လောက်ဖွယ် လစာနဲ့ ကမ်းလှမ်းဖို့ ခြေလှမ်းပြင်
အယ်လ် နက်ဆာအသင်းဟာ ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို အံ့အားသင့်ဖွယ် ခေါ်ယူနိုင် ခဲ့တာကြောင့် ဒေသတွင်းအဓိကပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းကလည်း လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် ယခုလအစမှာ အယ်လ်နက်ဆာအသင်းကို ပြောင်းရွှေ့သွားခဲ့တာပါ။
အယ်လ်နက်ဆာအသင်းရဲ့ ဒေသတွင်းအဓိကပြိုင်ဘက်ဖြစ်တဲ့ အယ်လ် ဟီလာလ်အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ကာလရှည်ပြိုင်ဘက် လီယွန်နယ် မက်ဆီကို မက်မောဖွယ် ကမ်းလှမ်းမှု ပမာဏနဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားတော့မယ်လို့ သတင်းထွက်လာပါတယ်။

အယ်လ် ဟီလာလ်အသင်းဟာ အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးကို တစ်နှစ်လုပ်ခလစာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထက် မနည်းတဲ့ လစာပမာဏနဲ့ ကမ်းလှမ်းသွားဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပြီး လီယွန်နယ် မက်ဆီဟာ ဆော်ဒီ အာရေဗျနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကို တည်ဆောက်ထားသူဖြစ်ပါတယ်။
မက်ဆီဟာ လက်ရှိမှာ ဆော်ဒီ အာရေဗျနိုင်ငံရဲ့ ခရီးသွားလာရေး သံတမန်အဖြစ် ကိုယ်စားပြု ဆောင်ရွက် ပေးနေသူ ဖြစ်ပြီး ဆော်ဒီ အာရေဗျ အာဏာပိုင်တွေကလည်း ကမ္ဘာ့ဖလားချန်ပီယံကို ခေါ်ယူနိုင်ဖို့ အယ်လ် ဟီလာလ်အသင်းကို အကောင်းဆုံးအခွင့်အရေးရရှိလာနိုင်စေဖို့ ငွေကြေးပိုင်းအရ အကူအညီပေးသွားမယ်လို့ သိရပါတယ်။
ဆော်ဒီ အာရေဗျအာဏာပိုင်တွေက ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံး မီဂါစတား ၂ ဦးကို ပိုင်ဆိုင် ထားမယ်ဆိုရင် ဆော်ဒီဘောလုံးလိဂ်တွေကို တိုးတက်စေဖို့အတွက် အကူအညီ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။