မူဒရစ် တတိယအကြိမ် ကမ်းလှမ်းမှု၊ ဈေးကောင်းရမယ့် ပေပေ၊ ကွင်းလယ်ဖြည့်ဦးမယ့် အီဒူးနဲ့ အာဆင်နယ် အပြောင်းအရွှေ့ သတင်းများ

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကီဗင် ကမ်းဘဲလ်က ဂါဘရီယယ်လ် ဂျေဆူးစ် ပြန်မလာနိုင်သေးတဲ့ တိုက်စစ်အတွက် အက်ဒီ နကီးတီးယားနဲ့ တင်းတိမ်မနေဘဲ ဇန်နဝါရီမှာ လူသစ်ခေါ်ယူဖို့ ပြောကြားလိုက်သလို ရိုးမားတိုက်စစ်မှူး တမ်မီ အေဘရာဟမ်ကို ရအောင် ခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ်အသင်းဟာ ယူကရိန်းတောင်ပံကစားသမား မူဒရစ် အတွက် ရှက်ခ်တာဒိုးနက် အသင်းဘက်က လက်ခံဖို့ နီးစပ်တဲ့ ဈေးနှုန်းဖြစ်တဲ့ ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

မူဒရစ် အနေနဲ့ အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီး ဒီအသင်းရဲ့ ကစားသမား တစ်ဦး ဖြစ်ချင်ကြောင်း ကို သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ မကြာခဏ ထုတ်ဖော်ပြသနေခဲ့သလို ဖိုတိုရှော့နဲ့ ဂန်းနားအင်္ကျီ ဝတ်ထားတဲ့ ပုံကို တင်ခဲ့တာကတော့ သူ့ဘက်ကပါ ရှက်ခ်တာကို တွန်းအားပေးနေခဲ့ပြီ ဖြစ်ပါတယ်။

ကွင်းလယ်ကို အားကစားဒါရိုက်တာ အီဒူးအနေနဲ့ အင်အား ဖြည့်တင်းဖို့ ကြိုးစားသွားဦးမှာဖြစ်ပြီး နွေရာသီမှာ စာချုပ်ကုန်ဆုံးပြီး အလွတ်ခေါ်ယူနိုင်မယ့် ဂျူဗင်တပ် ကွင်းလယ်လူ အက်ဒရီယင် ဟာဗျိုကို ဆောင်းရာသီမှာ ညှိနှိုင်းဈေးနဲ့ ရရှိနိုင်ဖို့ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

အာဆင်နယ်က ပြီးခဲ့တဲ့ နွေရာသီမှာ မခေါ်နိုင်လိုက်တဲ့ ဘာစီလိုနာ တောင်ပံကစားသမား ရာဖင်ညာကိုလည်း စောင့်ကြည့်နေပြီး ချန်ပီယံလိဂ်ကနေ ပြုတ်ခဲ့လို့ တိုင်ပတ်နေတဲ့ ကာတာလန်ကလပ်အနေနဲ့ ပေါင်သန်း ၅၀ ဝန်းကျင်ရရင် ရောင်းချသွားနိုင်ပါတယ်။

နိုက်စ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေပြီး ဒီရာသီမှာ သွင်းဂိုး ၈ ဂိုးအထိ ရရှိခဲ့ပြီဖြစ်တဲ့ အိုင်ဗရီကို့စ် တောင်ပံကစားသမား နီကိုလာ ပေပေရဲ့ တိုးတက်လာတဲ့ ခြေစွမ်းကြောင့် အာဆင်နယ်တို့ ပြန်လည်ရောင်းချဖို့ လွယ်ကူလာနိုင်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ လာဇီယိုကွင်းလယ်လူ ဆာဂေး မီလင်ကိုဗစ်ချ်-ဆာဗစ်ချ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေကောင်း နေပါတယ်။ ၂၀၂၄ အထိ လက်ကျန်စာချုပ်ကို သက်တမ်းမတိုးချင်တော့တဲ့ ဆားဘီးယားကွင်းလယ်လူကို ရောမကလပ်ဘက်က ဇန်နဝါရီမှာပဲ အပြီးသတ်ခေါ်ယူခွင့် ထည့်သွင်းထားတဲ့ အငှားနဲ့ လွှတ်လိုနေပါတယ်။