မန်ယူ – မန်စီးတီး၊ စပါး – အာဆင်နယ် စတဲ့ ပွဲကောင်းတွေ အတွက် ခရစ်ဆက်တန် ရဲ့ သုံးသပ် ခန့်မှန်းချက် ထွက်ပါပြီ
ဒီတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဘီဘီစီမှ ခရစ်ဆက်တန် က အခုလို ခန့်မှန်းပေးထားပါတယ်။
၁~မန်ယူနိုက်တက် Vs မန်စီးတီး
မန်ယူနိုက်တက်ဟာ အဲရစ်တန်းဟတ်ရဲ့ လက်အောက်မှာ တကယ့်ကို တိုးတက်လာခဲ့ပြီး ကျနော်ကတော့ သူဟာ ဒီလို စွမ်းဆောင်မှုအတွက် လုံလောက်တဲ့ ချီးကျူးမှုတွေ မရထားဘူးလို့ ထင်ပါတယ်။
မန်စီးတီးကတော့ တစ်စုံတစ်ရာ လိုအပ်ချက်တွေ ရှိနေကာ ကမ္ဘာ့ဖလားပြီးကတည်းက ပုံစံကောင်းကို တောက်လျှောက် ပြသထားနိုင်ခြင်း မရှိပါဘူး။ ကစားသမားတစ်ချို့ ပုံစံကောင်း ပျောက်နေသလို ပက်ရဲ့ အပြောင်းအလဲ လုပ်မှုတွေ ကလည်း အကူအညီ မဖြစ်စေပါဘူး။ ကာရာဘောင်ဖလား ပွဲစဉ်မှာ ပက်ဟာ ဖီးလစ်ကို ပွဲထွက်စေခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ဒါဟာ အလုပ်မဖြစ်ခဲ့ပါဘူး။
ဒါပေမယ့် ဒီပွဲမှာတော့ ဟာလန်း ဒီဘရိုင်းနား အပါအဝင် စီးတီးရဲ့ အဓိက ကစားသမား အစုံအလင် ပြန်လည် ပါဝင်လာကြမှာပါ။ မန်ယူနိုက်တက်ဟာ လက်ရှိမှာ ပုံစံကောင်း ရနေပေမယ့်လည်း ကျွန်တော်ကတော့ စီးတီးပဲ နိုင်လိမ့်မယ်လို့ ထင်ထားဆဲဖြစ်ပါတယ်။ ဒီတစ်ကြိမ်တွေ့ဆုံမှုမှာတော့ စီးတီးတို့ ဂိုးပြတ်အနိုင်ရဖို့တော့ မရှိပါဘူး။ ခက်ခက်ခဲခဲ ကစားကာ ကပ်ပြီး နိုင်သွားမှာပါ။
ခန့်မှန်းချက် : ၁-၂
၂~ဘရိုက်တန် vs လီဗာပူး
ဒီဇာဘီရဲ့ ပထမဦးဆုံး ပွဲစဉ်က အန်ဖီးမှာ ၃-၃ နဲ့ သရေကျခဲ့တဲ့ပွဲ ဖြစ်ပါတယ်။ လီဗာပူးဟာ အဲဒီနောက်ပိုင်း သိသိသာသာ ကောင်းမွန်လာခြင်း မရှိဘဲ နောက်တန်းနဲ့ ကွင်းလယ်က ပေါက်ထွက်နေတဲ့ အပြင် တိုက်စစ်ပိုင်းကလည်း အခွင့်အရေး များစွာ ဖြုန်းတီးနေပါတယ်။ နူးနက်ဟာ ဒီပွဲစဉ်အတွက် မသေချာတာကြောင့် လီဗာပူး အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်။ ဘရိုက်တန်ဟာ ပြီးခဲ့တဲ့ပွဲစဉ်တစ်ချို့မှာ ထရိုဆန့်ကို ဘာကြောင့် ပွဲထွက်စာရင်းမှာ အသုံးမပြုခဲ့သလဲ ဆိုတာ ကျွန်တော် နားလည်လို့ မရပါဘူး။ ဘာလို့လဲဆိုတော့ သူဟာ အန်ဖီးမှာ ဟက်ထရစ် သွင်းခဲ့သူပါ။ ဒါပေမယ့်လည်း ဘရိုက်တန်ဟာ သူမပါလည်း ပြိုင်ဘက်ခံစစ်ကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့ အသင်း အဖြစ် ရှိနေဆဲပါ။
ခန့်မှန်းချက် : ၂-၂
၃~ ချဲလ်ဆီး vs ပဲလေ့စ်
ပဲလေ့စ်ဟာ ခြေစွမ်း တအား မတည်ငြိမ်တဲ့ အသင်း ဖြစ်နေကာ သူတို့ရဲ့ ပြီးခဲ့တဲ့ ပွဲစဉ်က ရလဒ်တွေကို အခြေခံပြီး ခန့်မှန်းရတာ မလွယ်ကူလှပါဘူး။ ချဲလ်ဆီးဟာ ဖူဟမ်နဲ့ပွဲမှာ ကစားပုံကောင်းခဲ့ပေမယ့်လည်း ဖီးလစ်ရဲ့ အနီကတ်ဟာ ပွဲရဲ့ ရလဒ်ကို အဆုံးအဖြတ် ဖြစ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် ပေါ်တာရဲ့ ပြသနာတွေကတော့ မပျောက်သေးပါဘူး။ ဖီးလစ်ဟာ လာမည့် ပွဲစဉ်တစ်ချို့မှာ ဝင်ကစားနိုင်မှာ မဟုတ်တာကြောင့် တိုက်စစ်ပိုင်းအတွက် ရွေးချယ်မှုက ခေါင်းခဲစရာ ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါဟာ အိမ်ကွင်းပွဲစဉ် ဖြစ်နေတာကြောင့် ချဲလ်ဆီးတို့ ခြေစွမ်း မတည်ငြိမ်တဲ့ ပဲလေ့စ်ကို ပွတ်ကာသီကာ အနိုင်ယူသွားမှာပါ။
ခန့်မှန်းချက် : ၂-၁
၄~တော့တင်ဟမ် vs အာဆင်နယ်
ကျွန်တော် ဒီပွဲအတွက် အတော်လေး ရင်ခုန်နေပါတယ်။ ကွင်းဘေးစည်း ဧရိယာ အတွင်းက နည်းပြနှစ်ဦးရဲ့ ပုံစံကို ကြည့်ရတာနဲ့တင် စိတ်ဝင်စားစရာ ကောင်းနေမှာပါ။ အာတီတာသာ နယူးကာဆယ်နဲ့ပွဲစဉ်ကလိုမျိုး အပြုအမူတွေကို လုပ်ခဲ့မယ်ဆိုရင်တော့ ကွန်တီက သည်းခံကြည့်နေမှာ မဟုတ်ပါဘူး။ ကွင်းထဲမှာတော့ ဒီနှစ်သင်းကြား အနည်းငယ် ကွာဟမှု ရှိနေပါတယ်။ အာဆင်နယ်ဟာ ပိုကောင်းတဲ့ အသင်း ဖြစ်ကာ တော့တင်ဟမ်ရဲ့ ကစားပုံကတော့ ဒီရာသီရဲ့ ကာလအများစုမှာ သိပ်ပြီး မကောင်းခဲ့ပါဘူး။
လန်ဒန်ဒါဘီနဲ့ ပရိတ်သတ်အားကြောင့် စပါးရဲ့ ကစားပုံက တိုးတက်လာနိုင်ပါတယ်။ ဒါပေမယ့် စပါးပရိတ်သတ်တွေဟာ ကွန်တီရဲ့ brand of football အပေါ် စိတ်ပျက်မှုတွေ ရှိနေကာ စပါးရဲ့ ကစားပုံဟာ ဆွဲဆောင်မှု မရှိပါဘူး။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်ဟာ လုံး၀ ပြောင်းပြန်ဖြစ်နေပြီး ဂျီဆု ဒဏ်ရာရနေတာတောင်မှ အာဆင်နယ်ရဲ့ တိုက်စစ်ကစားဟန်က ထက်မြက်နေဆဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဂန်းနားတို့ တော့တင်ဟမ်ကွင်းမှာ ကြီးမားတဲ့ statement ကို လုပ်ပြနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ခန့်မှန်းချက် : ဝ-၃
အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်များ
အက်စတွန်ဗီလာ ၂-၁ လိဒ်
အဲဗာတန် ၁-၀ ဆောက်သမ်တန်
နော့တင်ဟမ်ဖောရက်စ် ၂-၁ လက်စတာ
ဝုဖ် ၂-၀ ဝက်ဟမ်း
ဘရန့်ဖို့ဒ် ၂-၀ ဘုန်းမောက်
နယူးကာဆယ် ၃-၀ ဖူဟမ်