အဓိက ကစားသမား ၃ ဦးကို ရောင်းထုတ်ပြီး ပေါင် သန်း ၂ဝဝ လောက် ငွေရှာဖို့ ချဲလ်ဆီးနည်းပြ ပေါ်တာ စီစဉ်နေ

ချဲလ်ဆီးအသင်းပိုင်ရှင် တော့ဒ် ဘိုလီဟာ ပုံမှန်ခြေစွမ်းအောက်ကျဆင်းနေတဲ့ အသင်းရဲ့ နာမည်ကြီး ကစားသမားတွေကို ရှင်းထုတ်မယ့် နည်းပြ ဂရေဟမ် ပေါ်တာ ကို ထောက်ခံဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံး ကစားထားတဲ့ ပွဲမှာ မှာ ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့မှုကြောင့် ချဲလ်ဆီးအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား အလယ်အထိ ကျဆင်းခဲ့ပါတယ်။

မကျေမနပ်ဖြစ်နေတဲ့ ပရိသတ်တွေဟာ ရိုမန် အေဘရာမိုဗစ်ချ်နဲ့ တူချယ်တို့ရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြပေမယ့်လည်း တော့ဒ် ဘိုလီဟာ နည်းပြ ပေါ်တာ အပေါ်မှာ ယုံကြည်မှု ဆက်ပေးသွားဦးမှာပါ။

တော့ဒ် ဘိုလီဟာ ပေါ့တားကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ခေတ်သစ်တစ်ခု တည်ထောင်နိုင်စေမယ့် အခွင့်အရေး ပေးနိုင်ဖို့ ငယ်ရွယ်ပြီး စိတ်အားတက်ကြွတဲ့ လူစာရင်းမျိုး ပေးချင်နေပေမယ့်လည်း နောက်တဆင့်က အသင်းမှာ ဈေးကြီးပေးပြီး ခြေ မပေါ်တဲ့ လူပိုတွေကို ရှင်းထုတ်မယ့်ကိစ္စလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ ဟာကင်း ဇီယက်ရှ်၊ ခရစ်ရှန် ပူလီဆစ်၊ ကိုင် ဟာဗတ်ဇ်တို့ကို ပေါင်သန်း ၂၀၀ နီးပါးနဲ့ ရောင်းထုတ် သွားဖို့ ကမ်းလှမ်းမှုတွေကို စဉ်းစားသွားမှာဖြစ်ပြီး ဂျာမန်တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့ ၁၈ လက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ သူရဲကောင်းဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ပူလီဆစ်ကလည်း နောက်ထပ်ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ၂ လထပ်နားရဦးမှာဖြစ်ပြီး ဇီယက်ရှ်ကလည်း ပြီးခဲ့တဲ့လက မော်ရိုကိုအသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်အထိ တက်ရောက်နိုင်အောင် ကူညီပေးခဲ့တဲ့ ခြေစွမ်းမျိုး ပြန်လည် ပြသနိုင်ခြင်း မရှိသေးပါဘူး။

အူဘာမီယန်းကလည်း ဖူလ်ဟမ်နဲ့ပွဲမှာ ချဲလ်ဆီးအသင်း ဂိုးတွေ ရရှိဖို့ လိုအပ်နေပေမယ့်လည်း အရန်ခုံမှာပဲ ထိုင်ခိုင်းခြင်း ခံခဲ့ရပြီးနောက် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အနာဂတ် မရေမရာဖြစ်နေပါတယ်။