ချဲလ်ဆီးရဲ့ ဆီမီးဖိုင်နယ်ပွဲ အနိုင်၊ အကောင်းဆုံးတွေထဲ မပါတော့တဲ့ မက်ဆီနဲ့ ဒိုလေးနဲ့ နံနက်ခင်း သတင်းများ

ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ ကာရာဘောင်းဖလား ပထမအကျော့ ဆီမီးဖိုင်နယ်ပွဲစဉ် မှာတော့ ချဲလ်ဆီး အသင်းက စပါးအသင်းကို အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ချဲလ်ဆီး အသင်းကွင်းလယ်လူ ကန်တေ နဲ့ နောက်ခံလူ ဆေးလ်ဗားတို့ ကိုဗစ် ကူးစက်ခံထားရတာကြောင့် ယနေ့မနက် စပါးနဲ့ ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိကြကြောင်း သိရပါတယ်။ ကိုင်ဟာဗက်ဇ်ကလည်း ညကပွဲမှာ လက်သန်းကျိုးသွားတဲ့ ဒဏ်ရာ ရခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝုဗ်အသင်းကွင်းလယ်လူ နာဗက်စ်ကို စတင်စိတ်ဝင်စားမှုတွေ ရှိလာကြပြီ ဖြစ်ပြီး ခေါ်ယူနိုင်ဖို့လည်း ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သတင်းများအရ သိရပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကတော့ စပါးနဲ့ပွဲကကွင်းလယ်လူ ဆာအူးလ် ခြေစွမ်းပြနိုင်ခဲ့တာနဲ့ ပတ်သတ်ပြီး “ဒါပေါ့။ ဆာအူးလ်ကပိုပြီးပျော်နေမှာပါ။ သူက လေ့ကျင့်ရေးကွင်းမှာ ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်လာတာ မြင်တွေ့နေရပါတယ်။ ဒါက သူ့အတွက် အလွန်ကြီးမားတဲ့ နောက်တစ်ဆင့် တက်လှမ်းမှုပါ”လို့ ချီးကျူးခဲ့ပါတယ်။

လီဗာပူးရဲ့ တောင်းဆိုမှုအရ အာဆင်နယ်နဲ့ လီဗာပူးတို့ယှဉ်ပြိုင်ကစားမဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ပါတယ်။ ပထမအကျော့ကို ဇန်နဝါရီ ၁၃ ရက် အန်ဖီးလ်မှာ အရင်ဆုံး ကစား ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ ဇန်နဝါရီ ၂၀ ရက်မှာ အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားရမှာပါ။

စပါး အသင်းနည်းပြ ကွန်တီကတော့ ၎င်းတို့အသင်းအနေနဲ့ နှိမ့်ချဖို့ လိုအပ်နေပြီး ချဲလ်ဆီးရဲ့ အဆင့်အတန်းနဲ့ တန်းတူ အနေအထားမှာ ရှိမနေဘူးဆိုတာကို နားလည်သဘောပေါက်ထားဖို့ လိုအပ်နေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

နာမည်ကျော် ပြင်သစ်သတင်းစာ L’Equipe ရဲ့ ၂၀၂၁ ခုနှစ်အတွက် အကောင်းဆုံးအသင်း ရွေးချယ်မှုမှာ မန်ယူ တိုက်စစ်မှူး စီရော်နယ်ဒိုနဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူးမက်ဆီတို့ နှစ်ဦးစလုံး ချန်လှပ်ခံခဲ့ရပါတယ်။ ဂိုးသမားအဖြစ် မန်ဒီ၊ နောက်တန်းမှာ ဟာနန်ဒက်ဇ် (အေစီ)၊ မာကွင်ဟို့စ်၊ ဒီယာ့စ်၊ အာနိုလ်း၊ ကွင်းလယ်မှာဂျော်ဂျင်ဟို၊ ကန်တီ၊ ဒီဘရိုင်း၊ ဆာလတ်နဲ့ တိုက်စစ်မှာ ဘန်ဇီမာ၊ လီဝန်ဒေါစကီး တို့ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဆီဗီလာအသင်းနောက်ခံလူ ကွန်ဒီကို ခေါ်ယူနိုင်ဖို့ အလျှော့ပေးသွားမှာ မဟုတ်ပဲ ဆက်လက် ကြိုးစားသွားဦးမှာ ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

နယူးကာဆယ် အသင်းဟာ ဂျူဗင်တပ်အသင်း ကွင်းလယ်ကစားသမား ရမ်ဆေးကို အငှားစာချုပ်နဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သတင်းရရှိပါတယ်။