ရန်းနစ် လက်ထက် မန်ယူအသင်းနဲ့ ပတ်သက်ပြီး သူဘာကိုစိုးရိမ်မိနေလဲ ရွန်းနီ ထုတ်ပြော

ရက်ဖ်ရန်းနစ်လက်အောက် ယူနိုက်တက်ရဲ့ ၄-၂-၂-၂ ကစားကွက်ဟာ တိုးတက်မှုတွေ ရှိနေပေမယ့် အသင်းကြီးတွေနဲ့ဆိုရင် ခံစားသွားရလိမ့်မယ်လို့ ယူနိုက်တက် ဂန္တဝင်ကြီး ဝိန်းရွန်းနီက The Athletic ရဲ့ ဆွေးနွေးမှုမှာ ထုတ်ပြောခဲ့ပါတယ်။

ဆိုးရှားနေရာ ဆက်ခံတဲ့ ရန်းနစ်ဟာ ဖိအားပေးမှု နည်းစနစ်ကို ထည့်သွင်းလာနေနေသလို ပိုပြီး တိုက်ရိုက်ကျတဲ့ ပုံစံကို ပြောင်းလဲကစားစေခဲ့ပြီး တိုက်စစ်မှာ ကာဗာနီနဲ့ ရော်နယ်ဒိုကို တွဲဖက်စေခဲ့ကာ မေဆန်ဂရင်းဝုဒ်နဲ့ ဆန်ချိုတို့ကို တောင်ပံမှာထားတဲ့ ခက်ရင်းလေးခွပုံစံ တိုက်စစ်နဲ့ ချဉ်းကပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ဝုဗ်ပွဲမှာတော့ ဂျာမန်သား နည်းပြဟာ အိုးထရက်ဖို့ဒ်မှာ ပထမဆုံးရှုံးပွဲအဖြစ် ဝုဗ်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့သလို သူ့ရဲ့ ၄-၂-၂-၂ နည်းစနစ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ များလာခဲ့ပါတယ်။

လက်ရှိ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီနည်းပြ ရွန်းနီကတော့ ကလပ်ရဲ့ ကစားဟန်က ပြောင်းလဲလာတယ်ဆိုတာကို မြင်နေပြီး ကစားသမားတွေကို တစ်ဦးချင်းထက် အုပ်စုလိုက် ကစားပုံမှာ ပိုပြီး အလုပ်လုပ်ခိုင်းဖို့ ရန်းနစ်ကို တိုက်တွန်းခဲ့ပြီး ဒါဟာ ဘောလုံးလောကမှာ အခက်ခဲဆုံး အလုပ်တစ်ခု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ယူနိုက်တက်ရဲ့ ဘောလုံးရာသီအတွက် အလန်ရှီးယားနဲ့ ဆွေးနွေးရာမှာ ရွန်းနီကပဲ ဆိုးရှားနေရာ ရန်းနစ် ဝင်ရောက်လာမှုနဲ့ ပတ်သက်လို့ “ကျွန်တော် ကလေးတွေခေါ်ပြီး ပွဲအနည်းငယ် ကြည့်ခဲ့ပါတယ်။ တကယ်တမ်း ပြောရရင် သူတို့အတွက် ခက်ခဲခဲ့ပါတယ်။

ဆိုးရှားနဲ့တုန်းက ယူနိုက်တက်နဲ့အတူ ဘယ်လိုမှ ရှေ့ဆက်လို့ မရတော့ဘူးဆိုတာ လူတိုင်း နားလည် လက်ခံတဲ့ အချိန်တစ်ခု ရောက်လာခဲ့တယ်။ အခု နည်းပြအသစ်နဲ့ဆိုတော့ ဘာကိုမှ သေချာ မသိသေးပါဘူး။ ယူနိုက်တက်ကို ကိုင်တွယ်ရတယ်ဆိုတာ အရင်က သူနည်းပြခဲ့ဖူးတဲ့ နေရာတွေနဲ့ အများကြီး ကွာတယ်ဆိုတာတော့ သေချာတယ်။ နာမည်ကြီး ကစားသမားတွေ အများကြီးကို အုပ်ချုပ်ရတာ ဖိအားတွေ တော်တော်ပိုခံရတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ ကစားခဲ့တဲ့ သူ့ရဲ့ ပထမဆုံးပွဲမှာ ကျွန်တော် ရှိနေခဲ့ပါတယ်။ သူတို့တွေ ကစားပုံ အရမ်းကောင်းတယ်လို့ ကျွန်တော် တွေးမိခဲ့တယ်။ ကျွန်တော် စိုးရိမ်မိတာ တစ်ခုတည်းက ဒီကစားပုံနဲ့ဆိုရင် လီဗာပူး၊ မန်စီးတီး၊ အာဆင်နယ်တို့လို အသင်းကြီးတွေနဲ့ဆိုရင် သူတို့ ခံစားသွားရလိမ့်မယ်။

အရေးကြီးဆုံးက ကစားသမားတွေက အသားကျလာဖို့ပါပဲ။ နည်းပြအနေနဲ့ တစ်ဦးချင်းထက် အသင်းလိုက် ကစားပုံပိုင်းမှာ ပိုပြီး ပြုပြင်ဖို့ လိုအပ်ပါလိမ့်ယ် ” လို့ ထောက်ပြခဲ့တာပါ။