သရဲနီဟောင်းကြီး အီဗရာ ရဲ့ ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ်အတွက် သုံးသပ် ခန့်မှန်းချက်များ
ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာ က အခုလို သုံးသပ် ခန့်မှန်းပေးသွားခဲ့ပါတယ်။
၁~မန်ယူနိုက်တက် Vs မန်စီးတီး
ကျနော်တို့ စီးတီးကို နာကျင်မှု ပေးနိုင်ပါတယ်။ မန်စီးတီးကို ဘယ်တော့မှ မလေးမစားတော့ မလုပ်ပါဘူး။ ဒါပေမယ့် ဒီပွဲစဉ်ဟာ ၅၀/၅၀ ပွဲလို့ ကျနော်ထင်ပါတယ်။ စီးတီးတို့ ပွဲအစကောင်းပြီး ပွဲအတွင်းမှာ သူတို့ရဲ့ ကစားဟန်ကို တိုးတက်လာခဲ့မယ်ဆိုရင် ဒါဟာ ပြိုင်ဘက်အတွက် ရှည်လျားတဲ့နေ့တစ်နေ့ ဖြစ်သွားမှာပါ။
စီးတီးဟာ တအားကို တောင့်တင်းတဲ့ အသင်းဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ အတွက် ကြီးမားတဲ့ စမ်းသပ်မှုပါ။ ခန့်မှန်းရတာလည်း ခက်ခဲပါတယ်။ မာရက်ဇ်ဟာ ဒီအချိန်မှာ အကောင်းဆုံး ပုံစံကို ရှိနေပါတယ်။ ဒါဟာ ဒါဘီပွဲစဉ် ဖြစ်တာကြောင့် big score ကို ကျနော် မမျှော်လင့်ထားပါဘူး။
ကျနော်ကတော့ ယူနိုက်တက်တို့ ၂-၁ နဲ့ နိုင်သွားလိမ့်မယ်လို့ မြင်နေပါတယ်။ ဒါပေမယ့် စီးတီးဘက်က နိုင်သွားမယ် ဆိုရင်လည်း အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဘယ်ဘက်မဆို သွားနိုင်ပါတယ်။ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ပွဲတုန်းကလိုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ယူနိုက်တက် အနေနဲ့ အဲဒီပွဲကနေ သင်ယူသွားရမှာပါ။
ခန့်မှန်းချက် : ၂-၁

၂~ဘရိုက်တန် vs လီဗာပူး
လူတိုင်းဟာ လီဗာပူးရဲ့ လက်ရှိအနေအထားအပေါ် စိတ်ပျက်နေကြမှာပါ။ ကျနော်ဟာ မန်ယူနိုက်တက် ပရိတ်သတ် တစ်ဦး ဖြစ်ပေမယ့်လည်း ဒီလိုတော့ မဖြစ်မိပါဘူး။ ရန်သူရဲ့ ကျရှုံးမှုကို ပျော်ရွှင်တဲ့ထဲမှာ ကျနော် မပါဝင်ပါဘူး။ လီဗာပူး အနေနဲ့ ကလော့ကို ထောက်ခံပေးရမှာပါ။ သူတို့ဟာ ရုန်းကန်နေရပါတယ်။
လူတွေဟာ နူးနက်နဲ့ ပက်သက်ပြီး မကောင်းတဲ့ အရာတွေကို တောက်လျှောက် ပြောနေကြပါတယ်။ ဒါဟာ အသင်း ကိုလည်း သက်ရောက်မှု ရှိစေပါတယ်။ ဒီကောင်လေးကို အနားပေးမှု တစ်ချို့ လုပ်သွားရမှာပါ။ ဒါဟာ သူ့ရဲ့ ပထမဦးဆုံး ရာသီ ဖြစ်တာကြောင့် အခြားလူအကြောင်းပဲ ပြောကြစမ်းပါ။ သူ့ဆီမှာ ကြီးမားတဲ့ အလားအလာကောင်း ရှိနေပါတယ်။
သူ့ရဲ့ ကစားပုံကို ကြည့်လိုက်ပါ။ ဒီလို ပါးနပ်စွာ ကစားတက်တဲ့ သူမျိုး ဒီအသက်အရွယ်ပိုင်းမှာ သိပ်ပြီး မရှိပါဘူး။ သူ့ရဲ့ ရွေ့လျားမှုတွေဟာ တအားကို ကောင်းပါတယ်။ သူဟာ မယုံနိုင်စရာတွေ လုပ်ပြနိုင်မှာပါ။ ဒါပေမယ့် ဒီအချိန်မှာ သူဟာ ဂိုးပေါက်နဲ့ လွဲနေပါတယ်။ သူ့အတွက် ဝမ်းနည်းမိပါတယ်။
ဒါပေမယ့် သူ ပရီးမီးယားလိဂ် ပြိုင်ပွဲအကြောင်းကို ကောင်းကောင်း နားလည်ကာ လူတွေ ကြောက်ရမယ့် အခြေအနေကို တစ်နေ့ သူရောက်လာမှာပါ။ နူးနက်ကလည်း ဟာလန်းရဲ့ level ကို ရောက်လာနိုင်ပါတယ်။ သူဟာ ဒီအချိန်မှာ ကံသိပ်မကောင်း ဖြစ်နေတာပါ။ ဒါပေမယ့် ကံကောင်းမှုတွေ ရောက်လာခဲ့ပြီ ဆိုရင် သူဟာ တကယ့်ကို ကောင်းတဲ့ ကစားသမား ဖြစ်လာမှာပါ။
ဒါဟာ လီဗာပူးအတွက် ခက်ခဲတဲ့ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။ ဘရိုက်တန်ဟာ ကစားပုံကောင်းနေပေမယ့် ကျနော် ကတော့ ယာဂန်ကလော့ရဲ့ အသင်းဟာ ဒီပွဲကို အနိုင်ရအောင် ကစားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။
ခန့်မှန်းချက် : ၁-၂

၃~ ချဲလ်ဆီး vs ပဲလေ့စ်
ကျနော်ကတော့ ချဲလ်ဆီးတို့ ဒီပွဲကို နိုင်သွားမယ်လို့ ထင်ပါတယ်။ လူတွေဟာ ချဲလ်ဆီးရဲ့ လက်ရှိအနေအထားအပေါ် စိတ်ပျက်နေကြပြီး ပေါ်တာဆီက ဒီထက် ပိုမို မျှော်လင့်နေကြပါတယ်။ ချဲလ်ဆီးအသင်းကို ကြည့်လိုက်ပါ။ သူဟာ ဒီကစားသမားတွေကို ခေါ်ယူထားခဲ့တာ မဟုတ်ပါဘူး။
ဒီကစားသမားတွေဟာ သူ့စိတ်ကြိုက် ကစားသမားတွေ မဟုတ်ဘူးဆိုတာ ရှင်းလင်းပါတယ်။ သူ့အနေနဲ့ ဒီအသင်းကို fix လုပ်သွားဖို့ လိုအပ်ပါတယ်။ ဒီအသင်းဟာ အသက်ဝိညာန် ကင်းမဲ့နေကာ ညီညွှတ်မှုလည်း မရှိပါဘူး။ သူတို့ကို အသင်းတစ်သင်း အနေနဲ့ ကျနော် မမြင်ပါဘူး။ တစ်ဦးကောင်း ကစားနေတာလို့ပဲ မြင်မိပါတယ်။
အခုချိန်မှာ သူတို့ဟာ အသင်းတသင်း မဟုတ်ပါဘူး။ ကစားသမားတွေဟာ သူ့စိတ်ကြိုက်တွေ မဟုတ်ပေမယ့် သူ ရင်ဆိုင်ဖြေရှင်းသွားရမှာပါ။ ကစားသမားတွေ ဘက်က သူ့ရဲ့ philosophy ကို နားလည်ဖို့ လိုပါတယ်။ သူဟာ အရမ်းကို တော်တဲ့ မန်နေဂျာ ဖြစ်ပေမယ့် ဒါဟာ ခက်ခဲတဲ့ အလုပ်ပါ။ ဒီပွဲမှာတော့ ချဲလ်ဆီးတို့ အနိုင်ရမယ်လို့ ကျနော် မြင်မိပါတယ်။
ခန့်မှန်းချက် : ၂-၁

၄~တော့တင်ဟမ် vs အာဆင်နယ်
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်တို့ top 4 ဝင်ရန် နီးစပ်နေတဲ့ အချိန်မှာ ပထမဦးဆုံး သူတို့ဟာ နယူးကာဆယ်ရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် တော့တင်ဟမ်နဲ့ ကစားချိန်မှာ သူတို့ဟာ top 4 ဝင်ရန် အခွင့်အရေး ကောင်းက ရှိနေဆဲပါ။
ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး အာဆင်နယ်ဟာ တာထွက်ကောင်းခဲ့ပေမယ့် ပင်နယ်တီကနေ ဂိုး ပေးခဲ့ရပါတယ်။ အဲဒီနောက် အာဆင်နယ် ကစားသမားတွေ လက်လျော့လိုက်တာကို ကျနော် တွေ့ခဲ့ရပါတယ်။ ဒီအချိန်မှာ ဂန်းနားတို့ဟာ အများကြီး ခြားနားသွားပါပြီ။ ဒီအသင်းဟာ အမှတ်ပေးဖလား ဆွတ်ခူးနိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်နေတဲ့အသင်းပါ။
ကျနော်သာ အာတီတာ ဆိုရင် ကစားသမားတွေကို မင်းတို့က ချန်ပီယံဖြစ်လာမယ့်သူတွေလို့ ယုံကြည်အောင် ပြောသွားမှာပါ။ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်စွမ်း ရှိတယ်ဆိုတာကို ယုံကြည်ထားရမှာပါ။ တော့တင်ဟမ်လို ကိုယ့်ရဲ့ ရန်သူနဲ့ ပွဲမှာ ဒါမျိုးကို ယုံကြည်ထားရမှာပါ။ အာဆင်နယ်တို့ စပါးကို အနိုင်ရသင့်ပါတယ်။ သူတို့ အနိုင်မကစားနိုင်စရာ အကြောင်းမရှိပါဘူး။
ဒါဟာ ဒါဘီဖြစ်ပါတယ်။ ဘာမဆိုတော့ ဖြစ်သွားနိုင်ပါတယ်။ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ မမျှတမှု ရှိတက်လို့ပါ။ တော့တင်ဟမ်ကိုတော့ သတိထားသွားရမှာပါ။ ဘာလို့လဲဆိုတော့ ကွန်တီနဲ့ ကစားသမားတွေဟာ ကျားနာလို ဖြစ်နေလို့ပါ။ ဒါဟာ ပွဲကြီးပွဲကောင်း ဖြစ်လာနိုင်ပါတယ်။ ဒီအချိန်မှာ ဘယ်ဘက်နေမလဲလို့ မေးမယ်ဆိုရင်တော့ အာဆင်နယ်ဘက်ကပဲ ရှိနေမှာပါ။ သူတို့ရဲ့ ကစားပုံက တအားကို ကောင်းသလို သူတို့ဟာ အကြောက်အလန့် မရှိတဲ့ အပြင် ကလေးတွေလည်း မဟုတ်တော့ပါဘူး။
ခန့်မှန်းချက် : ၁-၃

အခြားပွဲစဉ်တွေအတွက် ခန့်မှန်းချက်များ
- အဲဗာတန် ၁-၀ ဆောက်သမ်တန်
- နော့တင်ဟမ်ဖောရက်စ် ၂-၁ လက်စတာ
- ဝုဖ် ၁-၀ ဝက်ဟမ်း
- ဘရန့်ဖို့ဒ် ၂-၀ ဘုန်းမောက်နယူးကာဆယ် ၃-၂ ဖူဟမ်