သူ့ဂိုးက လူမကျွံပါဘူးလို့ ချက်ကျလက်ကျ ဖြေရှင်းသွားတဲ့ မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်
မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာဒါဘီ ဒုတိယပိုင်း ၇၈ မိနစ်မှာ သွင်းယူခဲ့တဲ့ သူ့ရဲ့ ချေပဂိုးဟာ လူကျွံအနေအထားမှာ ရှိနေခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ပွဲကစားချိန် မိနစ် ၆၀ မှာ ဂရီးလစ်ရှ်ရဲ့ ခေါင်းတိုက်သွင်းဂိုးကြောင့် ချေပဂိုးရရှိဖို့ နောက် ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ၇၈ မိနစ်မှာ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့် ဖာနန်ဒက်စ်က အငြင်းပွားဖွယ် သွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ကာစီမီရို ကွင်းလယ်ကနေ ဘောလုံးကို မျှောထိုးပေးလိုက်ချိန်မှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ လူကျွံအနေအထားမှာ ရှိနေခဲ့ပေမယ့်လည်း ဘောလုံးကို မထိတွေ့ခဲ့ဘဲ ဂိုးကန်သွင်းဖို့ အခွင့်အရေးပိုကောင်းမွန်တဲ့ ဖာနန်ဒက်စ်အတွက် ရှောင်ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရက်ရှ်ဖို့ဒ်ဟာ ဘောလုံးကို မထိတွေ့ပေမယ့် ပြိုင်ဘက်ကစားသမားတွေ အာရုံထွေပြားအောင် လုပ်ခဲ့တာကြောင့် ဖာနန်ဒက်စ်ရဲ့ သွင်ဂိုးဟာ လူကျွံဘော သတ်မှတ်ခြင်း ခံခဲ့ရမှာ ဖြစ်ပါတယ်။
စည်းကြပ်ဒိုင်ဟာ အစပိုင်းမှာ လူကျွံအလံထောင်ပြီး ငြင်းပယ်ခဲ့ပြီးနောက် VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီး ကွင်းလယ်ဒိုင် စတူးအက် အတ်ဝဲလ်က ဂိုးခွင့်ပြု ပေးခဲ့တာဖြစ်ပါတယ်။
ဘရူနို ဖာနန်ဒက်စ်က အငြင်းပွားစရာဖြစ်နေတဲ့ ၎င်းရဲ့ ချေပဂိုးနဲ့ပတ်သက်ပြီး “ကျွန်တော် ထင်တာက ကျွန်တော်က ဂိုးနဲ့ မျက်နှာချင်းဆိုင်ဖြစ်နေလို့ မားကပ်စ်က ကျွန်တော့်ကို ပိုပြီးကောင်းမွန်တဲ့ အနေအထားမှာ ရှိတယ်လို့ တွေးခဲ့မိတာ ဖြစ်ပါလိမ့်မယ်။
ကျွန်တော်တို့ထဲက ဘယ်သူ လူကျွံနေခဲ့လဲ ဒါမှမဟုတ် မကျွံဘူးလဲ ဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် အဲဒါက သိပ်တော့ ကွာခြားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဘယ်သူကမှ သူနဲ့ နီးနီးကပ်ကပ်ရှိမနေခဲ့လို့ပါ။ အဲဒီတော့ မန်စီးတီးက ခုခံရမှာပါ။ နီးကပ်တဲ့တစ်ဦးတည်းသောသူက ကျွန်တော့်နားမှာ ကပ်နေတဲ့သူပါ”လို့ ပြောကြားသွားခဲ့ပါတယ်။
မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာကလည်း မန်ချက်စတာယူနိုက်တက်ရဲ့ ပထမဂိုးဟာ ခွင့်ပြုခြင်းမ ခံခဲ့ရသင့်ဘူး လို့ ခံစားခဲ့ရပြီး ပွဲအပြီးအင်တာဗျူးမှာ “ရက်ရှ်ဖို့ဒ်က လူကျွံနေခဲ့တယ်။ သူက ကျွန်တော်တို့ ဂိုးသမားနဲ့ နောက်ခံလူတွေကို အာရုံနောက်အောင် လုပ်ခဲ့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။