စပါးအသင်းကို အနိုင်ကန်ပြီး နောက်အပတ် မန်ယူအလှည့်ပဲ လို့ အာဆင်နယ် နည်းပြ အာတီတာ ကြုံးဝါး

အာဆင်နယ်အသင်း နည်းပြ အာတီတာက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီမှာ စပါးကို အဝေးကွင်းမှာ ဝ-၂ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် လာမယ့်အပတ်မှာလည်း ခြေစွမ်းတက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူပြမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရထားတဲ့ အာဆင်နယ်က ယမန်နေ့ညမှာ ခါးသီး မြို့ခံပြိုင်ဘက် စပါးနဲ့ ရင်ဆိုင် တွေ့ခဲ့ရာ ခြေစွမ်းအသာ ၊ စိတ်ဓာတ်အသာနဲ့ ပွဲစပွဲဆုံး ကစားနိုင်ခဲ့ပြီး အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာကာနဲ့ အိုဒီဂတ်တို့ရဲ့ ပထမပိုင်း သွင်းဂိုးတွေနဲ့အတူ စပါးကို ဝ-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

ဘောလုံး သုံးသပ်သူတွေကတော့ အာဆင်နယ်ဟာ ချန်ပီယံအသင်း တသင်းရဲ့ စိတ်ဓာတ်နဲ့ ခြေစွမ်းမျိုး ရနေပြီလို့ ချီးကျူးနေကြပါတယ်။

ခြေစွာနေတဲ့ အာဆင်နယ်ဟာ လာမယ့်အပတ်မှာတော့ ပူပူနွေးနွေး မန်ချက်စတာဒါဘီမှာ နိုင်ပွဲရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကတော့ သူတို့ဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲမှာ အနိုင် ၃မှတ် ရယူဖို့ပဲ ပစ်မှတ်ထား ကြိုးပမ်းသွားမယ်လို့ ဆိုလာပါတယ်။

အာတီတာက – “ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကို လိုချင်ရင် ရမှတ် ၉၀ကျော် ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါက ၁၀၀ ရာခိုင်နှုန်း သေချာတဲ့ အရာပါ။ ကျွန်တော်က အခုချိန်မှာ တွက်ချက်မှုတွေတော့ မလုပ်ချင်သေးပါဘူး။

ကျွန်တော်တို့က လာမယ့်အပတ်မှာ ကစားရမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ပွဲ အတွက် ပြင်ဆင်မှုတွေပဲ လုပ်ချင်နေပါတယ်။ ကျွန်တော်တို့က အဲ့ဒီပွဲမှာ အနိုင် ၃မှတ် ရအောင် ကစားသွားမယ်။ ပြီးတော့ အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့ ကစားပုံ တခုကို ပြသနိုင်ဖို့ ကြိုးစားသွားမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

လက်ရှိမှာ အာဆင်နယ်က မန်ချက်စတာ ယူနိုက်တက်ကို ရမှတ် ၉မှတ် အထိ ဖြတ်တောက်ထားနိုင်ပေမယ့် ချန်ပီယံဆုကို ရချင်ရင် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမှာ အနိမ့်ဆုံး သရေရလဒ် ထွက်ပေါ်အောင် ကစားဖို့ လိုအပ်ပါတယ်။