အိမ်ကွင်းမှာ သရေကျအပြီး မန်ယူအသင်းသား တစ်ဦးကို ချီးကျူးသွားတဲ့ အတ္တလန်တာ နည်းပြ
အိမ်ကွင်းမှာ ရော်နယ်ဒိုရဲ့ နောက်ကျ ခြေပဂိုးကြောင့် ၂-၂ ရလဒ် ထွက်ပေါ်ခဲ့တဲ့နောက် အတ္တလန်တာ မန်နေဂျာ ဂတ်စပါရီနီက ပြိုင်ဘက်အသင်းသားကို ချီးကျူးခဲ့ပါတယ်။
အတ္တလန်တာဟာ အုပ်စုဗိုလ်နေရာကို ရဖို့ နီးစပ်ခဲ့ပေမယ့်လို့ ခြေပဂိုး ပေးခဲ့ရတာကြောင့် တတိယနေရာမှာပဲ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်။ အီတလီကလပ်ဟာ အုပ်စု ပွဲစဉ် ၅ မှာ ယန်းဘွိုင်းစ် အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး နောက်ဆုံးပိတ် ပွဲစဉ် မှာတော့ ဗီလာရီးရဲ အသင်းနဲ့ ရင်ဆိုင် ကစား သွားရမှာပဲ ဖြစ်ပါတယ်။
ပွဲအပြီးမှာ မန်နေဂျာ ဂတ်စပါရီနီ က “ရိုနယ်ဒို ရဲ့ မှော်ဆန်တဲ့ အခိုက်အတန့်သာ မရှိခဲ့ဘူး ဆိုရင် ကျွန်တော်တို့ အတွက် တကယ်ကို ကျေနပ် ပျော်ရွှင် စရာကောင်းတဲ့ ညနေခင်းလေး ဖြစ်လာမှာပါ။
ဒါပေမယ့် ကျွန်တော်တို့ ကိုယ့်ကွင်း ကိုယ့် ပရိသတ်တွေရှေ့မှာ ဥရောပ ရဲ့ အင်အားကြီး အသင်းတသင်း ကို ဧည့်ခံပြီး အကောင်းဆုံး ကစားပြ နိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့်ပဲ ပွဲအပြီးမှာ အောင်ပွဲခံခဲ့ကြတာပါ။

အနိုင် ရလဒ်က တကယ့်ကို ပြီးပြည့်စုံ စေမှာပါ။ နီးလည်း နီးစပ်ခဲ့ပါတယ်။ ၈၀ ရာခိုင်နှုန်း ပျော်ခဲ့ရပြီး နောင်တ ၂၀ ရာခိုင်နှုန်းလောက် တော့ ပြန်ရခဲ့တယ်လို့ ဆိုရမှာပါ။ ကျွန်တော်တို့ ဂိုးပို ရနိုင်တဲ့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီးမျိုးနဲ့ ရင်ဆိုင် ကစားရင် ၉၅ မိနစ်လုံး အပြည့်အ၀ အားထုတ် ကစားရပါမယ်။ ဘာလို့လည်း ဆိုတော့ တဘက်အသင်းမှာ ထိပ်တန်း ကစားသမားတွေ အများကြီး ပါနေလို့ပါ။ အထူးသဖြင့် ရိုနယ်ဒို လို ကစားသမားမျိုးဟာ ဘယ်လို အချိန်မှာပဲ ဖြစ်ဖြစ် ခြားနားမှုတွေကို ဖြစ်စေတတ် လို့ပါပဲ။
အခု ဗီလာရီးရဲ နဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ဘယ်လို ရလဒ် ထွက်မလဲ ဆိုတာ ကျွန်တော်တို့ စောင့်ကြည့် ရပါတော့မယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘက်ကလည်း ကိုယ်လုပ်စရာ ရှိတာကို လုပ်သွားရမှာပါ။ နောက်တဆင့် တက်ဖို့က အခုထိ ကျွန်တော်တို့ လက်ထဲမှာ ရှိနေတုန်းပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။