ဇန်နဝါရီမှာ လူသစ် မဝယ်ရသေးတဲ့ အာဆင်နယ်တို့ ခပ်သွက်သွက် လှုပ်ရှားနေတဲ့ တိုက်စစ် ပစ်မှတ်များ
အာဆင်နယ် အသင်းအနေနဲ့ ဇန်နဝါရီမှာ ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ ခြေလှမ်း ခပ်စိတ်စိတ် လုပ်ဆောင်နေပါတယ်။
အဓိက ပစ်မှတ် မူဒရစ်ကို လွဲခဲ့ရတဲ့နောက် ဂန်းနားတွေက ဘရိုက်တန်အသင်းကနေ ထွက်ခွာတော့မယ့် တောင်ပံကစားသမား လီယန်ဒရို ထရော့ဆတ်အပြင် ပြီးခဲ့တဲ့ နွေရာသီကတည်းက စိတ်ဝင်စားခဲ့ဖူးတဲ့ ပစ်မှတ်ဟောင်း ဘိုင်ယာ လေဗာကူဆင်ရဲ့ တောင်ပံလူ မူဆာ ဒီယာဘီကို ကြိုးစားနေပါတယ်။
ပရီးမီးယားလိဂ်နဲ့ အသားကျပြီးဖြစ်တဲ့ ထရော့ဆတ်ဟာ ဘရိုက်တန်နဲ့ ၆ လသာ စာချုပ်သက်တမ်းကျန်ရှိတော့ပြီး နွေရာသီမှာ အလွတ်နဲ့ ခေါ်ယူနိုင်မယ့်အချိန်မှာ ဘရိုက်တန်က ညစ်ချင်နေပြီး ပေါင်သန်း ၃၀ အထိ မဖြစ်နိုင်တဲ့ ဈေးကို တောင်းဆိုနေပါတယ်။ အာဆင်နယ်တို့အနေနဲ့ ထက်ဝက်ဈေးကိုသာ ပေးချေလိုနေတယ်လို့လည်း သိရပါတယ်။

အသက် ၂၈ နှစ်အရွယ် ဘယ်လ်ဂျီယမ်သားကို စပါးအသင်းကလည်း စိတ်ဝင်စားနေပြီး ပေါင် ၁၂ သန်းနဲ့ ကမ်းလှမ်းတာ ပယ်ချခံရတယ်လို့ သတင်းထွက်နေပါတယ်။
အခုလို ၂၈ နှစ်၊ ၆ လနဲ့ ပေါင် သန်း ၃၀ ဆိုတဲ့ ရယ်စရာအခြေအနေကိုတော့ လက်တွေ့ကျတဲ့ အခြေအနေကို မပြောင်းလဲနိုင်ဘူးဆိုရင် ဂန်နားတို့အနေနဲ့ လေဗာကူဆင်တောင်ပံကစားသမား ဒီယာဘီ ကိုပဲ ကြိုးစားသွားဖို့ ရှိနေပါတယ်။
အသက် ၂၃ နှစ်အရွယ် ပီအက်စ်ဂျီအကယ်ဒမီထွက် ကစားသမားဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၅ အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးပြီး ဘွန်ဒက်စ်လီဂါကလပ်ဘက်က ယူရိုသန်း ၁၀၀ လို့ အော်ထားပေမယ့် တကယ်တမ်း ဒီလောက် မတန်သလို တေ့တေ့ဆိုင်ဆိုင် ကမ်းလှမ်းခဲ့ရင်တော့ ယူရို သန်း ၆၀-၇၀ ကြားမှာ ပွဲဖြစ်နိုင်မယ်လို့ ခန့်မှန်းထားကြတာပါ။
ဒီယာဘီဟာ ဘယ်တောင်ပံရော ညာတောင်ပံမှာပါ ကစားပေးနိုင်သူလည်းဖြစ်ပြီး ဖြတ်တင်ဘောတွေ ကောင်းမွန်သလို တစ်ဦးချင်း အခွင့်အရေးတွေကိုလည်း ကောင်းကောင်း အသုံးချနိုင်သူဖြစ်လို့ အာဆင်နယ်ရဲ့ ကစားပုံနဲ့ အံဝင်မှာဖြစ်ပြီး သူ့ကို နယူးကာဆယ်လ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။
အာဆင်နယ်တို့အနေနဲ့ ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ညာကိုလည်း စုံစမ်းခဲ့ပေမယ့် လက်ရှိခြေစွမ်း ကျဆင်းနေပုံနဲ့ မဖြစ်နိုင်တဲ့ ခေါ်ဈေးက ရယ်စရာပဲဖြစ်နေခဲ့ပါတယ်။
ဒါကြောင့် ထရော့ဆတ်နဲ့ ဒီယာဘီတို့ ဘယ်သူ့ကို ခေါ်ယူနိုင်မလဲ ချိန်ဆနေပြီး ကွင်းလယ်လူတစ်ဦးလည်း ခေါ်ရဦးမယ့် လိုအပ်ချက်တွေကြောင့် ဇန်နဝါရီ တစ်ဝက်ကျိုးချိန်မှာ သိပ်တော့ အချိန်ဆွဲလို့ မရတော့ကြောင်းလည်း သုံးသပ်ထားကြပါတယ်။