နိုင်ပွဲပြန်တွေ့တဲ့ လီဗာပူး၊ မန်ယူကို ဝယ်ဖို့ ဆွေးနွေးနေတဲ့ ဘီလျံနာ၊ ရိုက်စ်ကို ချိတ်နေတဲ့ ဂန်းနားများနဲ့ နံနက်ခင်း ဘောလုံးသတင်းများ

လီဗာပူးလ် အသင်းနည်းပြ ကလော့ပ်ကတော့ ဝုလ်ဗ်နဲ့အက်ဖ်အေပွဲမှာ နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့တဲ့အတွက် ကျေနပ် အားရမိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ယခုပွဲမှာ အဓိက အသင်းကို မောင်းနှင်သွားခဲ့တာက ကစားသမားတွေရဲ့ အနိုင်ရလိုမှုကြောင့်သာ ဖြစ်ကြောင်း ဆိုသွားခဲ့ပါသေးတယ်။

ဝက်စ်ဟမ်းအသင်းဟာ တန်းဆင်းဇုန်ကနေ ရုန်းဖို့ အတွက် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲရား ကို အငှားနဲ့ ခေါ်ယူလိုနေပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် နွေရာသီ အဓိက ပစ်မှတ်အဖြစ် ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန် ရိုက်စ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေပါတယ်။

ဗြိတိန် ဘီလီယံနာ ရက်ကလစ်ဖီဟာ မန်ယူအသင်းကို ဝယ်ယူဖို့ ထဲထဲဝင်ဝင် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်နေကြောင်း အတည်ပြု ပြောဆိုလာပါတယ်။

စပါးအသင်းနည်းပြ ကွန်တီကတော့ အင်္ဂလန် ဘောလုံးလောကရဲ့ အကျင့်ဆိုးတစ်ခုကတော့ အရာအားလုံးကို နည်းပြတစ်ယောက်ထဲကိုသာ တာဝန်ယူ ပြောဆိုခြင်းဖြစ်ပြီး အသင်းရဲ့ အခြားတာဝန်ရှိ ပုဂ္ဂိုလ်တွေလည်း အသင်းရဲ့ အရေးကိစ္စတွေကို ပရိသတ်တွေထံ ပြောဆိုပေးရမယ့် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဒေါ့မွန် အသင်းနဲ့ အဲဗာတန် အသင်းတို့ဟာ မန်ယူအသင်း တောင်ပံကစားသမား အီလန်ဂါကို အငှားခေါ်ယူဖို့ စိတ်ဝင်စားမှုတွေ ရှိနေပါတယ်။

ပီအက်စ်ဂျီ အသင်းတိုက်စစ်ကစားသမား ဆာရာဘီးယားဟာ ဝုလ်ဗ်အသင်းထံ ၂ နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်ပါတယ်။

ဝက်စ်ဟမ်း အသင်းဘုတ်အဖွဲ့တွေကတော့ အသင်းရဲ့ ရလဒ်ပိုင်းပြဿနာတွေကြောင့် နည်းပြ မိုရက်စ်ရဲ့ အနာဂတ်ကို စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရပါတယ်။