ချယ်ဆီးအတွက် ပိုကောင်းတဲ့ တိုးတက်မှုတွေ ပြပေးဖို့ တူချယ် တောင်းဆိုလိုက်တဲ့ အသင်းသား

ချဲလ်ဆီး အသင်း ဟာ မနေ့ည က ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ၄ မှာ အုပ်စုတွင်း ဇယား အောက်ဆုံးက အသင်း ဖြစ်တဲ့ ဆွီဒင် အမှတ်ပေး ချန်ပီယံ မယ်လ်မိုအသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရပြီး ဟာကင်ဇီယက်ချ်ရဲ့ သွင်းဂိုးနဲ့အတူ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ချဲလ်ဆီး အသင်း ဟာ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၂ကြိမ် အထိ ရှိခဲ့ပေမယ့် ၊ သွင်းဂိုး တဂိုးသာ ရရှိခဲ့ပြီး ၊ မယ်လ်မို ဂိုးသမား ဒါလင် က အများစုကို လက်စွမ်းပြ ကာကွယ်ခဲ့ပါတယ်။ ချဲလ်ဆီးက မယ်လ်မိုအသင်းကို သိသိသာသာ ဖိအားပေး ကစားထားနိုင်ခဲ့သော်လည်း ကစားသမားတွေရဲ့ အဆုံးသတ် လိုအပ်မှုတွေကြောင့် ဂိုးမပြတ်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ တူချယ်က ” ဟာကင်ရဲ့ ဒီနေ့ စွမ်းဆောင်ရည်က အနာဂတ်မှာ ပိုကောင်းတဲ့ ခြေစွမ်းကို မြင်တွေ့ရဖို့ရဲ့ အစ လမ်းကြောင်း ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သူ့မှာ နောက်ထပ် တိုးတက်နိုင်တဲ့ အနေအထားတွေ ရှိနေသေးတယ်လို့ ကျွန်တော် မြင်ပါတယ်။

ဘောလုံး ပေးပို့ရမယ့် အပိုင်း၊ ဂိုးပေါက် ကန်သွင်းရမယ့် အပိုင်းတွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ပိုမို ချလာနိုင်တာမျိုး၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်မှုအား ပိုကောင်းဖို့ လိုတာမျိုး စတဲ့ နေရာတွေမှာ ဟာကင် ဟာ ရေရှည်မှာ ပိုပြီး ထိန်းသိမ်းနိုင်ရပါမယ်။

ကျွန်တော်တို့ဟာ သူ့ရဲ့ လုပ်အား ၊ တန်ပြန် ဖိအားပေးခြင်း ၊ သတိရှိမှု စတဲ့ အရည်အသွေးတွေ အပေါ် အမြဲတမ်း အားထားရပါတယ်။ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်မှာ ကြီးမားတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။

သူ့အနေနဲ့ အခုထက် ပိုပြီး အဆုံးသတ်အား ကောင်းလာနိုင်သေးသလို ၊ ရစ်သမ် အလိုက် ကစားတဲ့ နေရာမှာလည်း ပိုပြီး တိုးတက်လာနိုင်ပါသေတယ် ။ ဒါပေမယ့် ဒီရာသီ မစတင်ခင် က ရခဲ့တဲ့ ဥရောပ စူပါဖလား ဗိုလ်လုပွဲက ပခုံး ဒဏ်ရာ က သူ့ကို အတော်လေး ဒုက္ခပေးခဲ့ပါတယ်။

ဒါတောင် သူဟာ ခပ်မြန်မြန်ပဲ အသင်းနဲ့ အတူ ပူးပေါင်းနိုင်ဖို့ ၊ ကိုယ့်ကိုယ်ကို ပြင်းပြင်းထန်ထန် တွန်းအားပေးခဲ့ပါတယ်။ အရင်လို ရာနှုန်းပြည့် အနေအထားမျိုး သူ မရောက်သေးဘူးလို့ ကျွန်တော် ထင်ပါတယ်။ အထူးသဖြင့် တောင်ပံ တိုက်စစ် ကစားသမားတွေဟာ ကိုယ်ပိုင် လှည့်ထွက် ကစားပုံ စတိုင်လ်ကို မြတ်နိုးကြသလိုမျိုးပေါ့။

ဒါပေမယ့် အခက်အခဲတွေ ကြားထဲက ဒီနေ့မှာ သူ ဂိုးတဂိုး ပြန်ရခဲ့တာကို ကျွန်တော် ပျော်ရွှင်မိပါတယ် ။ ဒါက သူ့ရဲ့ ယုံကြည်မှုကို အများဆုံး အထောက်အကူ ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။