ပရီးမီးယားလိဂ်က စပိန် လက်ရွေးစင် ဂိုးသမားကို မန်ယူ၊ ချဲလ်ဆီးနဲ့ စပါးအသင်းတို့ အပြိုင် ချိတ်နေ

ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ စပိန်ဂိုးသမား ဒေးဗစ်ရာယာကို လာမယ့်နွေဈေးကွက်အတွင်းမှာ ခေါ်ယူသွားဖို့အတွက် အပြိုင် စိတ်ဝင်စားနေကြပြီး ကမ်းလှမ်းမှုတွေလည်း အပြိုင်အဆိုင် လုပ်ဆောင်လာကြဖွယ်လည်း ရှိနေပါတယ်။

အသက်(၂၇)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် ဂိုးသမား ရာယာဟာ ဘလက်ဘန်းအသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၉ခုနှစ်မှာပဲ ဘရန်ဖို့ဒ်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။

ဘရန့်ဖို့ဒ်မှာ လက်စွမ်းကောင်းတွေ ပြသနိုင်ပြီး ပထမဆုံးရာသီမှာ clean sheets (၁၆)ပွဲအထိ ရယူနိုင်ခဲ့တဲ့ ရာယာဟာ အသင်းမှာ လက်စွမ်းကောင်းတွေ ပြသရင်းနဲ့ ဘရန့်ဖို့ဒ်ကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီပါ ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာပါ လက်စွမ်းကောင်းတွေ ထပ်မံ ပြသလာနိုင်တဲ့ ရာယာဟာ စပိန်လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံလာခဲ့ရပြီး စပိန်အတွက်ကိုလည်း (၂)ပွဲ ကစားထားနိုင်ခဲ့ပါတယ်။

ဂိုးသမားရာယာဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် (၁၉)ပွဲ ကစားထားရာ (၆)ပွဲသာ clean sheets ရယူနိုင်ခဲ့တယ် ဆိုပေမယ့်လည်း သူရဲ့ ဂိုးပေါက်ကာကွယ်နိုင်မှုတွေက ကြောက်ခမန်းလိလိကို ကောင်းမွန်နေပါတယ်။

ရာယာဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ saves အကြိမ်ရေ (၈၁)ကြိမ်ထိကို ပြုလုပ်ထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်က တခြား ဂိုးသမားတွေအားလုံးထက်ကို သာလွန်လို့နေပါတယ်။

ဒါကြောင့်လည်း လာမယ့်ရာသီမှာ ဂိုးသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်နေကြတဲ့ ယူနိုက်တက်ဒ် ချဲလ်ဆီးနဲ့ စပါးတို့က ရာယာကို ပစ်မှတ်ထားလာခဲ့ပြီး ရာယာကိုယ်တိုင်ကလည်း ၂၀၂၄ခုနှစ် ဇွန်လမှာ ကုန်ဆုံးတော့မယ့် သူရဲ့ စာချုပ်ကို ထပ်မံ သက်တမ်းမတိုးလိုတော့ပဲ ဘရန့်ဖို့ဒ်ကနေ ထွက်ခွာချင်လာခဲ့ပါတယ်။

လက်ရှိ ရာယာကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ စပါးအသင်းကတော့ လက်ရှိ အသင်းရဲ့ပင်တိုင်ဂိုးသမား လိုရစ်ရဲ့ လက်စွမ်း ကျဆင်းမှုတွေနဲ့ အသက်အရွယ်တွေကြောင့် ရာယာကို ပိုမို ပစ်မှတ်ထားလာနိုင်သလို ယူနိုက်တက်ဒ်ကလည်း ဒီဂီယာနဲ့ နေရာ အပြိုင်အဆိုင် ဖြစ်စေနိုင်မယ့် ဂိုးသမားမျိုးကို အလိုရှိနေတာကြောင့် ရာယာကို အသေအချာ ပစ်မှတ်ထားနိုင်ပါတယ်။

စပိန်လက်ရွေးစင် ဂိုးသမားရဲ့ ပြောင်းရွေ့ကြေးအတွက်ကိုတော့ ပေါင်သန်း(၂၀)လောက်အထိ သုံးစွဲရနိုင်ဖွယ် ရှိပါတယ်။