လက်ရှိ မန်စီးတီးကို ဖာဂူဆန် ခေတ်က မန်ယူအသင်းနဲ့ နှိုင်းယှဉ် ချီးကျူးသွားတဲ့ ဂျင်မီ ကာရေဂါ
မနေ့ညက တော့တင်ဟမ်ကို ၂ ဂိုး အရှုံးကနေ အကောင်းဆုံး comeback လုပ်ကာ ၄-၂ နဲ့ နိုင်ခဲ့တဲ့ မန်ချက်စတာစီးတီးဟာ အာဆင်နယ် အတွက် ကြီးမားတဲ့ ပြသနာ အဖြစ် ဆက်ရှိနေလိမ့်မယ်လို့ လီဗာပူး ဂန္တဝင် ဂျေမီကာရေဂါက သတိပေးလိုက်ပါတယ်။
လီဗာပူး ဂန္တဝင် ကာရေဂါက စီးတီးဟာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်အောက်က မန်ချက်စတာယူနိုက်တက် အသင်းတွေလိုမျိုး သူတို့ကို ဘယ်တော့မှ လွယ်လွယ်နဲ့ အနိုင်မရနိုင်ဘူးဆိုတဲ့ အရည်အသွေးကို ပြသခဲ့တယ်လို့ ဆိုလိုက်ပြီး ဒါဟာ အမှတ်ပေးဇယား ဦးဆောင်သူ အာဆင်နယ် အတွက် စိုးရိမ်စရာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
ကာရေဂါက “မန်စီးတီးမှာ ကျွန်တော် ကစားသမား ဘဝတုန်းက ရင်ဆိုင်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်တို့ ပိုင်ဆိုင်ထားခဲ့တဲ့ အရာတွေကို အခု ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။

ကျွန်တော်တို့ဟာ title race မှာ သူတို့နဲ့ ယှဉ်ပြိုင်ခဲ့ဖူးပြီး သူတို့ ၂-၀ နဲ့ ရှုံးနိမ့်နေတယ်လို့ ကြားခဲ့ရပေမယ့် နောက်ဆုံးမှာတော့ သူတို့ဟာ မယုံနိုင်စရာ ကောင်းလောက်အောင်ကို အနိုင်ရခဲ့ပါတယ်။ မန်စီးတီးဟာ အခုချိန်မှာ ဒါမျိုးကို ပိုင်ဆိုင်ထားပါတယ်။
ပြီးခဲ့တဲ့ မေလ နောက်ပိုင်း မန်စီးတီးဟာ ပရီးမီးယားလိဂ်မှာ နောက်ကနေ ၂-၀ နဲ့ လိုက်ကစားခဲ့ရတဲ့ ပွဲစဉ် ၅ ပွဲ ရှိခဲ့ပါတယ်။ သူတို့ဟာ တစ်ပွဲမှကို မရှုံးခဲ့ပါဘူး။ သူတို့ ၃ ပွဲနိုင်ကာ ၂ ပွဲ သရေ ရယူနိုင်ခဲ့ပါတယ်။ သူတို့ဆီမှာ စပယ်ရှယ် အရည်အသွေးတွေ ရှိနေပါတယ်။
သူတို့ဟာ အရမ်းကို ကောင်းတဲ့ အသင်းဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ ဒါပေမယ့် ဒီလို တိုက်ပွဲဝင်မှု ၊ အနိုင်လိုချင်စိတ် ပြင်းထန်မှု နဲ့ နောက်ဆုံးအချိန်ထိ အပြင်းအထန် အားထုတ်မှုတွေဟာ တကယ့်ကို ထူးခြားတဲ့ အရည်အသွေးတွေပါ။ သူတို့ဟာ ဘယ်တော့မှ အရှုံးမပေးတဲ့ အသင်း ဖြစ်ပြီး ဒါဟာ စပယ်ရှယ် အရည်အသွေးဖြစ်ပါတယ်။
ဒါဟာ ဒီရာသီမှာ အာဆင်နယ် အတွက် ကြီးမားတဲ့ ပြသနာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဒါဟာ လီဗာပူး အတွက် ကြီးမားတဲ့ ပြသနာ ဖြစ်ခဲ့ပါတယ်။ ဒီညရဲ့ ရလဒ်ဟာ အာဆင်နယ် အတွက်တော့ တကယ့်ကို စိတ်ပျက်စရာ ဖြစ်နေမှာပါ။” လို့ ဆိုလိုက်ပါတယ်။