လီဗာပူး vs ချယ်ဆီး တို့ ထိပ်တိုက်တွေ့တဲ့ ပွဲအတွက် ဘီဘီစီမှ ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ် ခန့်မှန်းချက်

ပရီးမီးယားလိဂ် မှာတော့ ခြေစွမ်း မငြိမ်၊ နိုင်ပွဲ အတော် ရှာနေရတဲ့ လီဗာပူးအသင်းနဲ့ ချယ်ဆီး အသင်းတို့ အန်းဖီးကွင်းမှာ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။နှစ်သင်းစလုံး အမှတ်ပေးဇယား အလယ်မှာ ရပ်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အတော် ရုန်းကြရမှာဖြစ်ပါတယ်။

မနက်ဖြန် စနေနေ့ည ၇ နာရီ အချိန်မှာ လီဗာပူး vs ချယ်ဆီး ယှဉ်ပြိုင် ကစားကြမှာဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က လီဗာပူးနဲ့ ချယ်ဆီးတို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

” ဒီပွဲကို လူတွေ ဘယ်လိုများ ပြောကြမလဲ။ နှစ်သင်းလုံးက ဒီရာသီ မယုံနိုင်လောက်အောင် ခြေပျက်နေတဲ့ အသင်းတွေပါ။ နောက်ပြီး သူတို့နှစ်သင်းလုံးက နောက်ပွဲ ဘာဖြစ်မယ် ဆိုတာ ပြောရခက်နေတဲ့ အသင်းတွေ ဖြစ်တယ်။

လက်ရှိ လီဗာပူးကိုတော့ ကျနော် အတော် စိတ်တိုင်းမကျ ဖြစ်နေတာ ကြာပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ရဲ့ ခွန်အား မရှိနေတဲ့ ပုံနဲ့ ကွင်းလယ်က ခြေစွမ်းတွေကြောင့်ပါ။ ပြီးခဲ့တဲ့ အပတ် ဘရိုက်တန်ကို ဂိုးပြတ် ရှုံးတာကတောင် အံ့သြစရာ မဖြစ်ခဲ့ဘူး။

လီဗာပူးက ကြားရက် ဝုဗ်နဲ့ အက်ဖ်အေပွဲမှာ နိုင်ခဲ့တာ သိပါတယ်၊ ဒါပေမယ့် အဲဒီနိုင်ပွဲကနေ သူတို့ ပြန် တောက်ပလာမယ့် အရိပ်အယောင် မတွေ့ပါဘူး။ ဒီ ၂၀၂၃ ထဲ ပထမဆုံး လိဂ်နိုင်ပွဲ ပြန်ယူနိုင်ဦးမယ်လို့ မထင်ဘူး။

ချယ်ဆီးကလည်း လီဗာပူးနဲ့ ခပ်ဆင်ဆင်ပါပဲ။ အန်းဖီးမှာလည်း ချယ်ဆီးက ဘယ်လို လူစာရင်းနဲ့ ထွက်လာဦးမလဲ ကျနော်တို့ မသိနိုင်ဘူး။ သူတို့ ပြီးခဲ့တဲ့ ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို နိုင်ခဲ့တယ်။ ဒါပေမယ့် ဒီလို နိုင်ပွဲ ရဖို့ ကီပါရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေ့လည်း အရေးပါခဲ့တယ်။

ဒီပွဲ နိုင်လိုက်ရင် နှစ်သင်းလုံး အတွက် အင်အားကြီး တစ်ရပ် ဖြစ်မှာပါ။ ဒါပေမယ့် သူတို့ တစ်သင်းသင်းက ၃ မှတ်ပြည့် ယူသွားနိုင်ဖို့ကလည်း အတော် ခက်ခဲပါလိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းရလဒ်ကတော့ လီဗာပူး ၁-၁ ချယ်ဆီး ဖြစ်ပါတယ်။