သူ ပြောင်းချင်တဲ့ အသင်း ၂သင်းထံ ပို့ မပေးနိုင်လို့ ရော်နယ်ဒိုက အေးဂျင့် ဂျော့မန်ဒက်စ် ကို အလုပ်ဖြုတ်ခဲ့ကြောင်း ပေါ်ထွက်လာ
စီရော်နယ်ဒိုက သူ့ အေးဂျင့်ဟောင်း ဂျော့မန်ဒက်စ် အပေါ် လမ်းမခွဲခင် နောက်ဆုံး ရာဇသံပေးလိုက်တဲ့ စကားကို စပိန် သတင်းစာတစ်စောင်ဖြစ်တဲ့ EL Mundo က ဖော်ထုတ် ဖော်ပြလိုက်ပါတယ်။
စီရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်နာဆာကို မပြောင်းခင် နှစ် ၂၀ ကြာလက်တွဲခဲ့တဲ့ သူ့မန်နေဂျာဖြစ်တဲ့ ဂျော့မန်ဒက်စ်နဲ့ လမ်းခွဲခဲ့တာပါ။
သူတို့နှစ်ယောက်ကြားက လမ်းခွဲပြတ်စဲဟာ ဂျော့မန်ဒက်စ်က စီရော်နယ်ဒိုအတွက် အသင်းကြီး ရှာမပေးနိုင်တာ ကြောင့်လို့ ဆိုပါတယ်။

အဲဒါကြောင့်လည်း စီရော်နယ်ဒိုဟာ ဥရောပဘောလုံးရပ်ဝန်းမှာ ဆက်မကစားတော့ဘဲ သူ့ကို စံချိန်တင် လစာပေးတဲ့ အယ်နာဆာ အသင်းဆီ ပြောင်းသွားခဲ့တာပါ။
သူတို့နှစ်ယောက်ကြား သဘောထားကွဲလွဲမှု စတင်ခဲ့တကာ ကမ္ဘာ့ဖလားမတိုင်ခင် မန်ဒက်စ်ကို အသိမပေးဘဲ စီရော်နယ်ဒိုက ပီးယာ့စ်မော်ဂန်နဲ့ အင်တာဗျူး လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
မန်ယူက ထွက်ချင်လို့လုပ်တဲ့ စီရော်နယ်ဒိုရဲ့ အဲဒီအင်တာဗျူးကို မန်ဒက်စ်တစ်ယောက် အတော် စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့တာပါ။ အဲဒါကပဲ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ပြိုလဲစေတယ်လို့ သတင်းတွေက ဆိုကြပါတယ်။
အခုလည်း စပိန်သတင်းစာက ကစားသမားဘ၀ သူ့ရဲ့ဖခင်တစ်ယောက်လို အားကိုးခဲ့ရတဲ့ အေးဂျင့်ထံ စီရော်နယ်ဒို ရာဇသံ ပေးလိုက်တဲ့အကြောင်းကို ဖွင့်ဟဖော်ပြလိုက်တာပါ။
”ကျွန်တော့်ကို ချဲလ်ဆီး ဒါမှမဟုတ် ဘိုင်ယန်ဆီ ရအောင်ပို့ပေး။ ဒီလိုမှမဟုတ်ရင် ကျွန်တော်တို့လမ်းခွဲပြီ”လို့ စီရော်နယ်ဒိုက မန်ဒက်စ်ကို ပြောခဲ့တာပါတဲ့။
ထိပ်သီး ကြယ်ပွင့် ကစားသမား တစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ အယ်နာဆာ အပြောင်းအရွှေ့ကို မန်ဒက်စ်နဲ့ လမ်းခွဲပြီးမှ သူ့မိတ်ဆွေ ရစ်ကီရီဂူဖီက စီမံပေးခဲ့တာ ဖြစ်ပါတယ်။