ချဲလ်ဆီးအသင်း ညှိနှိုင်းနေတဲ့ ပစ်မှတ် ကစားသမားကို ဝင် ကြိုးစားလာတဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက် ဟာ ချဲလ်ဆီးအသင်း ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ လီယွန် ညာနောက်ခံကစားသမား မာလို ဂူစတိုကို ကြားဖြတ်လုယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
အသက် ၁၉ နှစ်သားဟာ စတန်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပေမဲ့လည်း ချဲလ်ဆီးအသင်းနဲ့ လီယွန်ကြား အခုထက်ထိ သဘောတူညီမှု မရသေးပါဘူး။
ချဲလ်ဆီးအသင်းဟာ ကစားသမားဖြစ်သူကို အရင်ဆုံး ချဉ်းကပ်ခဲ့ရာမှာ ၅ နှစ်သက်တမ်းထက်ပိုတဲ့ စာချုပ်တရပ် ချုပ်ဆိုသွားဖို့ သဘောတူညီမှု ရခဲ့ပေမဲ့လည်း လီယွန်အသင်းထံ ပထမဆုံးအကြိမ် ကမ်းလှမ်းမှုကတော့ ပယ်ချခံလိုက်ရတာ ဖြစ်ပါတယ်။

ဒီအချိန်မှာပဲ မန်ယူအသင်းက အပြောင်းအရွှေ့ထဲ ကြားဝင်လာခဲ့တာဖြစ်တယ်လို့ ပြင်သစ်သတင်းဌာန RMC Sport ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါလော့နဲ့ ဝမ်-ဘစ်ဆာကာတို့သာ ရှိနေတဲ့ ညာနောက်ခံလူနေရာကို အင်အားဖြည့်တင်းလိုနေတဲ့ မန်ယူအသင်းဟာ အသက် ၁၉ နှစ်အရွယ် ပြင်သစ်သားကို ဆက်သွယ်လာခဲ့ပြီး လီယွန်အသင်းနဲ့ ဆွေးနွေးမှု မလုပ်ခင်မှာ ဆုံးဖြတ်ချက်ချဖို့ရာ ခေတ္တစောင့်ဆိုင်းပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းကလည်း ဒဏ်ရာကြောင့် မကြာခဏ အနားယူနေရတဲ့ ရီးစ် ဂျိမ်းစ်နေရာကို အစားထိုးသွားဖို့ ပြင်ဆင်နေတဲ့ အသင်းဖြစ်ပြီး အင်တာမီလန်အသင်းရဲ့ ဒန်ဇယ် ဒွန်ဖရီးစ်ကို ချိတ်ဆက်ခဲ့ပေမဲ့လည်း အဆင်မပြေခဲ့တာကြောင့် ဂွန်စလိုကို ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။
ချဲလ်ဆီးဟာ ကွင်းလယ်ပိုင်းကိုလည်း အင်အားဖြည့်တင်းချင်နေပြီး ဘရိုက်တန်အသင်းရဲ့ မွိုက်ဆေး ကိုင်ဆယ်ဒိုနဲ့ ဘင်ဖီကာအသင်းရဲ့ အန်ဇို ဖာနန်ဒက်စ်တို့ကိုလည်း ချဉ်းကပ်နေပေမဲ့လည်း အပြောင်းအရွှေ့တွေကို အကောင် အထည်ဖော်နိုင်ဖို့တော့ အခုထက်ထိ အဆင်မပြေသေးပါဘူး။
အန်ဇိုအတွက် ဘင်ဖီကာအသင်းက ယူရိုသန်း ၁၂၀ တောင်းဆိုနေသလို ဘရိုက်တန်အသင်းကလည်း ကိုင်ဆီဒို အတွက် ပေါင် ၇၅ သန်းနဲ့အထက် တောင်းဆိုနေတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့ ဘယ်သူ့ကို ဦးစားပေး ခေါ်ယူသွားမလဲဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။