မန်စီးတီးကနေ ထွက်ပြီး ၁၇ မိနစ် အကြာမှာ အစွယ်ထုတ်ပြလိုက်တဲ့ ဂျာအို ကန်ဆယ်လို
ဂျာအို ကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်နဲ့ ပွဲဦးထွက်ပွဲစဉ်မှာ အံ့အားသင့်ဖွယ် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပြီး သူ့ရဲ့ အကျိုးသက်ရောက်မှု ကို ချက်ချင်း ပြသလိုက်ပါတယ်။
ကန်ဆယ်လိုဟာ မန်စီးတီး မှာ ဂွါဒီယိုလာရဲ့ နေရာပေးခြင်းမခံခဲ့ရတဲ့နောက် ယခုရာသီကုန်တဲ့အထိ ဂျာမန် ထိပ်သီးအသင်းကြီး ဘိုင်ယန်ထံ အငှားထွက်ကစားခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် တစ်ရက်မှာပဲ ကန်ဆယ်လိုဟာ DFB ပိုကယ်ဖလားပွဲစဉ်အဖြစ် မိုင့်ဇ်နဲ့ ဗုဒ္ဓဟူးနေ့ည ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမဆုံးပွဲထွက်ကစားခွင့် ပေးအပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

ပေါ်တူဂီနောက်ခံတောင်ပံကစားသမားဟာ အလွန်ကောင်းမွန်တဲ့ ဖန်တီးပေးပို့မှုနဲ့ ချူပို-မိုတင်းအတွက် ဂိုးဖန်တီးပေးပြီး ပွဲအပေါ် အကျိုးသက်ရောက်မှု ပြသနိုင်ဖို့အတွက် ၁၇ မိနစ်သာ အချိန်လိုအပ်ခဲ့တာဖြစ်ပါတယ်။
အို ကန်ဆယ်လိုဟာ ညာတောင်ပံကနေ ဘောလုံးကို လက်ခံရယူခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ပေးပို့မှုနဲ့ ဘိုင်ယန်မြူးနစ်အသင်းအတွက် အဖွင့်ဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။
မန်စီးတီးကြယ်ပွင့်ဟောင်းဟာ ပင်နယ်တီဧရိယာထဲကို တိကျသေသပ်တဲ့ ဖြတ်တင်ပေးပို့မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ချူပို-မိုတင်းက ဘယ်ခြေနဲ့ ထောင့်ကျဉ်းအနေအထားကနေ ပိတ်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
မိုင့်ဇ်ကို ၄-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲအပြီးမှာ မူစီအားလားက ကန်ဆယ်လိုကို ချီးကျူးပြောဆိုခဲ့ပြီး “သူက တကယ်ကို ကောင်းကောင်း အံဝင်ပါတယ်။ သူက နည်းစနစ်ပိုင်းကောင်းမွန်တယ်။ သူ့ရဲ့ ဖြတ်တင်ပေးပို့မှုတွေက ထူးခြားပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
နည်းပြ နာဂယ်စ်မန်းကလည်း “ဂျာအိုက အရမ်းကောင်းမွန်တဲ့ပွဲကို ကစားခဲ့ပါတယ်။ သူက အရမ်းဖန်တီးမှုကောင်းခဲ့ပြီး အလွန်ကောင်းမွန်တဲ့ ပေးပို့မှုအချို့နဲ့ ဖြတ်တင်ဘောတွေကို ပြုလုပ်ခဲ့တယ်။ အရမ်းကောင်းမွန်တဲ့ ပြေးလွှားမှုတွေလည်း လုပ်ခဲ့ပါတယ်”
“သူက ကမ္ဘာပေါ်က အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးလက်အောက်မှာ ကစားခဲ့တာပါ။ ကျွန်တော် သူ့ကို ကစားနေကျအတိုင်းပဲ ကစားဖို့နဲ့ အများကြီး မစဉ်းစားဖို့ပဲ ပြောခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။