အမှုတွေကနေ လွတ်မြောက်လာတဲ့ ဂရင်းဝုဒ် မန်ချက်စတာ ယူနိုက်တက် အတွက် ပြန် ကစားနိုင်တော့မလား

ချစ်သူကောင်မလေးကို ကိုယ်ထိလက်ရောက်စော်ကားမှု၊ အဓမ္မပြုကျင့်ဖို့ ကြိုးစားမှုစတဲ့ စွပ်စွဲချက်တွေနဲ့ စွဲချက် တင်ခံထားရတဲ့ မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့် ဂရင်းဝုဒ်ရဲ့ ပြစ်မှုတွေအားလုံးကို တရားရုံးက ပယ်ဖျက်လိုက်ပြီ ဖြစ်ပါတယ်။

အသက်(၂၁)နှစ်သာရှိသေးတဲ့ ဂရင်းဝုဒ်ဟာ ၂၀၁၈ နိုဝင်ဘာကနေ ၂၀၂၁ အောက်တိုဘာလအတွင်း သူ့ကောင်မလေး ကို ကိုယ်ထိ လက်ရောက်ကျူးလွန်စော်ကားခဲ့တယ်ဆိုတဲ့ စွဲချက်(၃)ခုနဲ့ ပြီးခဲ့တဲ့နှစ်၊ ဇန်နဝါရီလအတွင်းက ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသလို မနှစ်က အောက်တိုဘာလအတွင်း တရားရင်ဆိုင်ခဲ့ရပါတယ်။

ဂရင်းဝုဒ်ရဲ့ ချစ်သူဟာ သူမကို နှိပ်စက်နေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်ပေါ်မှာ Post တင်ခဲ့ပြီးတဲ့နောက် ဒီပြဿနာက မီဒီယာစာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီး အဲဒီအဖြစ်အပျက်အတွက် ယူနိုက်တက်အသင်းဟာ ဇန်နဝါရီ(၃၀)ရက်ကတည်းက ဂရင်းဝုဒ်ကို အချိန်အကန့်အသတ်မရှိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ဒ့ါအပြင် အခုလို စွပ်စွဲချက်တွေထွက်ပေါ်လာပြီးတဲ့နောက် EA Sports က FIFA ၂၀၂၂ ဂိမ်းခွေထဲမှာ ဂရင်းဝုဒ်ကို ဖယ်ရှားခဲ့သလို နာမည်ကျော် အားကစားကုမ္ပဏီတစ်ခုဖြစ်တဲ့ Nike ကလည်း ဂရင်းဝုဒ်နဲ့ စပွန်ဆာစာချုပ် ဖျက်သိမ်းခဲ့ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ စွဲချက်တင်ထားသလို ဂရင်းဝုဒ် ပြစ်မှုကျူးလွန်ခဲ့တယ်ဆိုတာ ခိုင်လုံတဲ့ သက်သေ အထောက်အထား မရှိတဲ့အတွက် ဗြိတိန် တရားရေးအဖွဲ့ဖြစ်တဲ့ Crown Prosecution က ဂရင်းဝုဒ်အပေါ် စွဲချက်တင်ထားတဲ့ ပြစ်မှုအားလုံးကို ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ဂရင်းဝုဒ်အနေနဲ့ ပြစ်မှုကနေ လွတ်မြောက်လာပြီဖြစ်တာကြောင့် ယူနိုက်တက်အသင်းအတွက် ပြန် ကစားခွင့် ရဦးမှာလား ဆိုတာ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

ဂရင်းဝုဒ်ဟာ ၂၀၂၂၊ ဇန်နဝါရီ (၂၂)ရက်က ဝက်စ်ဟမ်းကို (၁-ဝ)ဂိုးနဲ့အနိုင်တဲ့ပွဲမှာ ယူနိုက်တက်အသင်းအတွက် နောက်ဆုံးပါဝင်ကစားခဲ့ပြီး ယူနိုက်တက်အသင်းက ဂရင်းဝုဒ်ကို ပွဲပယ်ပြစ်ဒဏ်ချမှတ်ထားပေမယ့် အသင်း တရားဝင် လူစာရင်းမှာတော့ ထည့်သွင်းထားဆဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ရဲ့ စည်းကမ်းတွေအရလည်း ကလပ်အသင်းတစ်သင်းမှာ အသက်(၂၁)နှစ်နဲ့အောက် ကစားသမားတွေဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲအတွက် တရားဝင်စာရင်းပေးရတဲ့ ကစားသမား(၂၅)ဦးစာရင်းမှာ မပါဝင် ရင်တောင် ယူ-၂၁ ကစားသမားအဖြစ် ကိုယ့်အသင်းမှာ ပါဝင်ကစားခွင့်ရှိပါတယ်။

အဲဒါကြောင့် ဂရင်းဝုဒ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြန်ကစားနိုင်ဖို့ မျှော်လင့်ချက်ရှိပြီး သူ့ကို အသင်းမှာ အသုံးပြုဖို့ရှိ၊ မရှိကတော့ နည်းပြအဲရစ်တန်ဟက်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေပါတယ်။