သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ချယ်ဆီးပရိသတ်တွေကို ဝန်ခံစကား ဆိုသွားတဲ့ ဇီယက်

ချယ်ဆီးအသင်းဟာ ညက မယ်မိုနဲ့ ချန်ပီယံလိဂ် အုပ်စု အဝေးကွင်း ပွဲစဉ်မှာ ဇီယက်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ ခက်ခက်ခဲခဲ အနိုင်ရသွားခဲ့ပါတယ်။

တစ်လုံးတည်းသော အနိုင် သွင်းဂိုးရှင် ဖြစ်ပေမယ့် ဇီယက်က သူ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်ပြီး လိုအပ်ချက်တွေ ရှိနေသေးကြောင်း ပွဲ အပြီးမှာ ဝန်ခံသွားခဲ့တယ်။ မယ်မိုနဲ့ပွဲမှာ ဂိုးသွင်းလိုက်တဲ့နောက် သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ချယ်ဆီး ပရိသတ်တွေ မြင်ခဲ့ရပြီလား ဆိုတဲ့ မေးခွန်းကို ဇီယက် က ငြင်းဆန်ခဲ့ပါတယ်။

” နိုးပါ။ ကျနော် ဘယ်လောက်လုပ်နိုင်တယ်၊ အမြင့်ဆုံး လယ်ဗယ်က ဘယ်ထိလဲ ကျနေ်ာ ကိုယ်တိုင် သိပါတယ်။ ဒဏ်ရာတွေနဲ့ ခက်ခဲတဲ့ ကာလတွေ ကြုံခဲ့တော့ ကျနော့် အရင် အဆင့်ကို ပြန်ရောက်ဖို့ ကြိုးစားနေရတယ်။ ဟန်ချက် ညီညီ ပြန်ဖြစ်ဖို့ ရုန်းကန်နေရတုန်းပါပဲ။ ဒါပေမယ့် ဒီအတွက် ကြိုးစား အလုပ်လုပ်ရမှာပါ။

အသင်းအတွက် သွင်းဂိုးတွေ ထောက်ပံ့မှုတွေနဲ့ ကူညီပြီး အရေးကြီးသူ ဖြစ်လာအောင် ကြိုးစားနေပါတယ်။ ကျနော့်မှာ ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့တော့ အဲဒီကနေ အပြည့်အဝ ပြန်ကောင်းမလာသေးဘူး။

ဒီအတွက်လည်း နေ့တိုင်း သေချာ ကြိုးစား အလုပ်လုပ်နေပါတယ်။ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုထားတယ်။ ကျနော် ဘာတွေ လုပ်နိုင်သလဲ ဆိုတာကို ယုံတယ်။ ” လို့ ဇီယက်က ပြောဆိုခဲ့ပါတယ်။

မယ်မိုကို နိုင်တဲ့ပွဲမှာ ဇီယက်က ဂိုးရှေ့မှာ ညံ့ဖျင်းတဲ့ အခိုက်အတန့်တွေ ရှိနေခဲ့ပါတယ်။ ဒါပေမယ့် မိုရိုကိုသားဟာ အိုဒွိုင်းရဲ့ အနိမ့်ဘော ပေးချက်ကို တချက်ထိနဲ့ အနိုင်ဂိုး သွင်းယူပြီး အသင်းအတွက် ၃ မှတ်ပြည့် ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ ဇီယက်နဲ့ ပတ်သက်လို့ တူချယ်က ” ဟာကင်ရဲ့ ဒီနေ့ စွမ်းဆောင်ရည်က အနာဂတ်မှာ ပိုကောင်းတဲ့ ခြေစွမ်းကို မြင်တွေ့ရဖို့ရဲ့ အစ လမ်းကြောင်း ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် သူ့မှာ နောက်ထပ် တိုးတက်နိုင်တဲ့ အနေအထားတွေ ရှိနေသေးတယ်လို့ ကျွန်တော် မြင်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။