ချဲလ်ဆီး အကျတွေ စောင့်ခေါ်နေကြ ဖြစ်လာတဲ့ အာဆင်နယ်အသင်းရဲ့ ဂျော်ဂျင်ဟို အပြီး နောက်ထပ် ပစ်မှတ်
အာဆင်နယ် အသင်းဟာ ချဲလ်ဆီးအသင်းဆီကနေ ကစားသမား ခေါ်ယူမှုတွေကို ဂျော်ဂျင်ဟို နဲ့တင် ရပ်တန့်ဖွယ် မရှိသေးဘဲ နောက်ထပ် အပြာရောင် တပ်သားတွေ ထပ်ခေါ်ဖို့ ချိန်ရွယ်နေပါတယ်။ အာဆင်နယ်ဟာ ယခင်ကလည်း ပီတာချက်၊ ဝီလီယံတို့လို ချယ်ဆီး ကစားသမားဟောင်းတွေ ခေါ်ယူခဲ့ဖူးပါတယ်။
ဒီရာသီမှာ ချဲလ်ဆီးကနေ ဘွန်ဒက်လီဂါကလပ် ဘိုင်ယန် လေဗာကူဆင်အသင်းဆီ အငှားထွက်ကစားနေတဲ့ တောင်ပံ တိုက်စစ်ကစားသမားလေး ကယ်လန် ဟက်ဒ်ဆန်-အိုဒွိုင်းကို အာဆင်နယ်က စောင့်ကြည့်မှုတွေ ပြုလုပ်နေကြောင်း ဂါးဒီးယန်း သတင်းဌာနက ဖော်ပြထားပါတယ်။
ဟက်ဒ်ဆန်-အိုဒွိုင်းဟာ ချဲလ်ဆီးအသင်းရဲ့ အကယ်ဒမီကနေ ထွန်းတောက်လာခဲ့ပြီးနောက် အသက် ၁၇ နှစ်ဆိုတဲ့ အရွယ်လေးနဲ့တင် အသင်းကြီးမှာ စောစောကြီးကြီးပဲ နေရာရခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ၃ ကြိမ်ခန့် ရွေးချယ်ခံရတဲ့အထိ အလားအလာကောင်းတွေ ပြသခဲ့ပေမဲ့လည်း နောက်ပိုင်းမှာတော့ ဒဏ်ရာပြဿနာတွေနဲ့အတူ တိုးတက်မှုက အကန့်အသတ်တွေ ရှိနေခဲ့တာပါ။

ဖရန့်ခ် လမ်းပတ်၊ သောမတ်စ် တူခယ်လ်နဲ့ ဂရေဟမ် ပေါ်တာ အစရှိတဲ့ နည်းပြ အပြောင်းအလဲတွေကလည်း အသက် ၂၂ နှစ်ကို အခက်အခဲတွေ့စေပြီး တဖြည်းဖြည်းနဲ့ ပွဲကစားခွင့် ပျောက်ဆုံးလာခဲ့တာကြောင့် ဒီနှစ်ရာသီမှာ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဆီ အငှားထွက်ကစားနေခဲ့ရတာ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ ဒီလိုအငှားချခဲ့ရာမှာ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်းထားခဲ့ခြင်း မရှိတာကြောင့် အိုဒွိုင်းအနေနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ အနာဂတ် ရှိနိုင်သေးတယ်လို့ အစောပိုင်းက ထင်မှတ်စရာ ဖြစ်ခဲ့ပေမဲ့လည်း မူဒရစ်ခ်၊ မာဒူအီကီ တို့လို အရည်အသွေးမြင့် တောင်ပံတိုက်စစ် လူငယ်ကြယ်ပွင့်တွေ ထပ်မံရောက်ရှိလာတဲ့အခါမှာတော့ မရေမရာ ဖြစ်လာခဲ့ပါတယ်။
လာမယ့်နွေ ချဲလ်ဆီး အရောင်းစာရင်းမှာ ဇီယက်ချ်၊ ပူလီဆစ်တို့နဲ့ အတူ အိုဒွိုင်းလည်း ပါဝင်လာနိုင်ဖွယ် ရှိနေပြီး တောင်ပံတိုက်စစ်သမား တစ်ဦး ထပ်ခေါ်ချင်နေတဲ့ အာဆင်နယ်က အိုဒွိုင်းကို မျက်စိကျနေတာ ဖြစ်ပါတယ်။
အိုဒွိုင်းဟာ ဒီနှစ်ရာသီမှာ လေဗာကူဆင်အသင်းအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲ ကစားထားပြီးဖြစ်ပေမဲ့ တဂိုးသွင်း၊ တဂိုးဖန်တီးမှုသာ ပြုလုပ်ထားနိုင်သေးသူ ဖြစ်ပါတယ်။
ဘွန်ဒက်လီဂါမှာဆိုရင်တော့ ပွဲစဉ် ၁၁ ပွဲ ခန့် ကစားခွင့်ရခဲ့ပြီး ဖန်တီးမှု တကြိမ်သာ ရှာဖွေထားနိုင်ကာ ဂိုးပေါက်မတွေ့သေးပါဘူး။ ဒါပေမဲ့လည်း အာဆင်နယ်အသင်းကတော့ ဘယ်၊ ညာ တောင်ပံတိုက်စစ်နှစ်ဖက်စလုံးမှာ ကစားနိုင်တဲ့ အိုဒွိုင်းရဲ့ အရည်အသွေးတွေကို သဘောကျနေပါတယ်။