အမှတ်လျှော့၊ တန်းဆင်း၊ ဖလားသိမ်းခံရသည်ထိ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ရင်ဆိုင်ရနိုင်တဲ့ မန်စီးတီးရဲ့ အခြေအနေ

ပြီးခဲ့တဲ့ ဘောလုံးရာသီ ၉ ခုအတွင်းမှာ ဘဏ္ဍာရေး စည်းမျဉ်းချိုးဖောက်မှု အကြိမ်ပေါင်း ၁၀၀ ကျော် လုပ်ခဲ့တယ် ဆိုပြီး မန်စီးတီးအသင်းကို ပရီးမီးယား လိဂ်က စွဲချက်တင်လိုက်ပြီဖြစ်ပါတယ်။

အဲဒီလို ဘဏ္ဍာရေးစည်းမျဉ်း ဖောက်ဖျက်မှုတွေထဲမှာ ဘာတွေပါနေသလဲဆိုရင်တော့ အသင်းရဲ့ အမြတ်ငွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ ကစားသမားတွေနဲ့ နည်းပြတွေရဲ့ လုပ်ခလစာ နှုန်း ထား ပေးချေမှု အသေးစိတ်ကိစ္စတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေး စည်း မျဉ်းတွေနဲ့ ငွေကြေး အကျိုးအမြတ်ဆိုင်ရာ ကိစ္စတွေ၊ ပရီးမီးယားလိဂ်ရဲ့ စုံ စမ်းစစ်ဆေးမှုအပေါ်မှာ ပူးဆောင်ပါဝင်နိုင်မှု အားနည်းချက် ကိစ္စတွေ ပါဝင် နေတယ်လို့ သိရပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကနေပြီး ၂၀၀၇ ခုနှစ်အတွင်းမှာ စည်းမျဉ်းချိုးဖောက်ခဲ့မှုတွေ ရှိတယ်လို့ ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့က စုံစမ်းဖော်ထုတ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

စည်းမျဉ်းချိုးဖောက်မှု နဲ့ အပြစ်ကျူးလွန်တယ်ဆိုတဲ့အကြောင်းကို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ပြနိုင်ပြီ ဆိုရင်တော့ နည်းပြ ဂွါဒီယိုလာရဲ့အသင်းဟာ အမှတ်လျှော့ ပြစ်ဒဏ်ခံရတာမျိုး ဖြစ်နိုင်သလို တန်းဆင်း ကစားရတာမျိုး၊ ဖလားတွေ ပြန်လက်လွှဲရတာမျိုး ပြစ်ဒဏ် တွေ ရင်ဆိုင်ရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

အခု စုံစမ်းစစ် ဆေးမယ်လို့ ပြောခဲ့တဲ့ ကာလအပိုင်းအခြားအတွင်းမှာ မန်စီးတီးဟာ ပရီးမီး ယားလိဂ်ဖလား ၃ လုံး၊ အက်ဖ်အေဖလား တစ်လုံးနဲ့ ကာရာဘောင် ဖလား ၃ လုံး ရယူနိုင်ခဲ့ပါတယ်။

” မန်ချက်စတာ စီးတီးအသင်းသည် ပရီးမီးယားလိဂ်၏ စည်းမျဉ်းများကို တရားမဝင်ချိုးဖောက်ထားကြောင်း ပရီးမီးယား လိဂ်က အတည်ပြုပြီး ယင်းသို့ တရားမဝင်ချိုးဖောက်ထားသော အရေအတွက်ကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံသို့ ပရီးမီးယာလိဂ်စည်းမျဉ်း W.82.1 နှင့်အညီ ယနေ့တွင် လွှဲပြောင်းပေးအပ်လိုက်သည် ” လို့ ပရီးမီးယားလိဂ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကို တွေ့ရပါတယ်။

ဒီတကြိမ် ပြစ်ဒဏ်ချခံရရင်တော့ မန်စီးတီးဟာ ယခင် ချန်ပီယံလိဂ် ဘန်းခံရစဉ်ကလို အယူခံ ဝင်ခွင့် ရှိမှာ မဟုတ်ဘဲ ပြစ်ဒဏ်ကို လက်ခံရမှာ ဖြစ်ပါတယ်။ အခြေအနေတွေဟာ ပြင်းထန်သွားနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။