ရော်နယ်ဒိုကြောင့် အယ်နက်ဆာ အသင်း ပွဲတွေ ကစားရတာ ပိုခက်လာကြောင်း အသင်းဖော် ဖွင့်ဟ

နာမည်ကြီး ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒို ရောက်လာတာက အယ်နက်ဆာ အသင်း အတွက် ပွဲများကို ကစားရ ပိုမိုခက်ခဲလာစေကြောင်း အယ်နက်ဆာ အသင်းသားတစ်ဦးက ဝန်ခံပြောကြားလာပါတယ်။

အသက်၃၈နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ သောကြာနေ့တုန်းက Al Fateh နှင့် နှစ်ဂိုးစီ သရေကျတဲ့ပွဲတွင် နာကျင်အချိန်ပိုမှာ ပင်နယ်တီမှတဆင့်ဂိုးသွင်းယူပြီး အယ်နက်ဆာ အတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ အယ်နက်ဆာ ကစားသမားဖြစ်လာပြီးနောက် ၃ပွဲ ကစားထားရာတွင် ၁ပွဲနိုင်၊ ၁ပွဲသရေ၊၁ပွဲရှုံး ရလဒ် ရရှိထားပါတယ်။

ကစားဖော် လူးဝစ်ဇ် ဂတ်စ်တာဗိုက ခရစ္စတီယာနိုရော်နယ်ဒို ရောက်လာမှုကြောင့် အယ်နက်ဆာ ကိုပြိုင်ဘက်တိုင်း အနိုင်ယူလိုနေကြကြောင်း ဆိုသွားပါတယ်။

၎င်းက – “ခရစ္စတီယာနို ရော်နယ်ဒို ရောက်လာမှုက ပြိုင်ဘက်တွေ အနေနဲ့ လိဂ်ကိုဦးဆောင်သူကို ပိုပြီးတော့ အနိုင်ရလိုစိတ် ဖြစ်လာစေပါတယ်။

သူပါလာတော့ ကျွန်တော်တို့ ကစားရ ပိုခက်လာတယ်။ ပြိုင်ဘက်အသင်းတွေက သူ့ကို အကောင်းဆုံး ယှဉ်ပြိုင်ဖို့ ကြိုးစားကြတယ်။ ခရစ္စတီယာနိုက လူတိုင်းကို စိတ်ဓာတ်တက်ကြွအောင် လုပ်နိုင်ပါတယ်။

သူ့ဆီက နေ့တိုင်း သင်ယူနိုင်တော့ ကျွန်တော့်အုပ်စု အတွက် ကြီးမားတဲ့အားသာချက် ဖြစ်စေတယ်။သူ့မှာကြီးကျယ်တဲ့ နည်းစနစ်ပိုင်းနဲ့ ကြံ့ခိုင်မှု အရည်အသွေးတွေရှိပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုက စိန်ခေါ်မှုတွေဖန်တီးတယ်။အမြဲတမ်းလည်း အောင်မြင်ပါတယ်။

အခုဆို သူ ပထမဆုံး ဂိုးသွင်းလိုက်နိုင်ပါပြီ။ ဖိအားတွေ လျှော့သွားပြီ” လို့ပြောကြားသွားပါတယ်။

ဂတ်စ်တာဗိုဟာ ဘိုင်ယန်မြူးနစ်၊ မာဆေးနှင့် ဖီနာဘာချီတို့တွင် ကစားခဲ့သူဖြစ်ပြီး ဘိုင်ယန်မြူးနစ်နှင့် အတူ ချန်ပီယံလိဂ်ဖလား၊ ဘွန်ဒက်စ်လီဂါ ဖလားတို့ ဆွတ်ခူးခဲ့ဖူးပါတယ်။