နည်းပြမရှိသေးတဲ့ လိဒ်စ်ကို မန်ယူ က အိမ်ကွင်းမှာ သရေပဲ ကစားနိုင်တဲ့ အပေါ် ဖာနန်ဒက်စ် မှတ်ချက်ပေး

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာတော့ အိမ်ကွင်းမှာ လိဒ်စ် ယူနိုက်တက် အသင်းကို ဧည့်ခံကစားခဲ့ရပြီး ၂-၂ နဲ့ သရေကျသွားပါတယ်။ လိဒ်စ်ဟာ အမြဲတမ်း နည်းပြ မရှိသေးဘဲ ရုန်းကန်နေရတဲ့ အသင်း ဖြစ်ပေမယ့် မန်ယူကို ဦးဆောင်ဂိုးတွေ သွင်းကာ သရေ ၁ မှတ်ယူသွားခဲ့တာပါ။

ဒီ ပွဲစဉ် အပြီးမှာတော့ ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် က သရေ ရလဒ် ထွက်ပေါ်တာနဲ့ ပတ်သက်လို့ ဝန်ခံမှု အချို့ ပြုလုပ်သွားခဲ့ပါတယ် ။

” ဒါဟာ အိမ်ကွင်းမှာ ရမှတ် နှစ်မှတ် လျော့သွားခြင်းပါပဲ ။ ဒီနေရာကိုလာပြီး ကျွန်တော်တို့နဲ့ ရင်ဆိုင်ရင်း ဂိုးတွေ သွင်းနိုင်ဖို့ ၊ အမှတ်ခွဲယူနိုင်ဖို့က ပြိုင်ဖက်တွေအတွက် တကယ့်ကို ခက်ခဲလှပါတယ် ။ ကျွန်တော်တို့ လိဒ်စ် ကို တစ်မှတ် ပေးခဲ့ရပြီး နှစ်မှတ် ဆုံးရှုံးသွားခဲ့ရပါတယ် ။ ဒီပွဲကို ကျွန်တော်တို့ မနိုင်ခဲ့ကြပါဘူး ”

” ကျွန်တော်တို့ နိုင်ဖို့ အခွင့်အရေးတွေ ရှိခဲ့ကြပါတယ် ။ ဒါပေမဲ့ အချို့သော အခိုက်အတန့်တွေမှာ ကျွန်တော်တို့ ကံမကောင်းခဲ့ကြပါဘူး ။ အခုတော့ ပွဲပြီးသွားခဲ့ရပါပြီ ။ ကျွန်တော်တို့ လာမယ့်ပွဲကို ရှေးရှုရပါတော့မယ် ။ ဒီပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့ လုပ်နိုင်တာက အမှားတွေကို ဆင်ခြင်ပြီး တနင်္ဂနွေနေ့မှာ ဆက်မလုပ်မိဖို့ပါပဲ ”

” ဒီကွင်းထဲ ကျွန်တော်တို့ ကစားခဲ့ပုံနဲ့ 2 – 0 ဖြစ်သွားစရာ အကြောင်းကို မရှိပါဘူး ။ ဒါပေမဲ့ အဲ့တာက ပြသနာ မဟုတ်ခဲ့ရပါဘူး ။ ကျွန်တော်တို့ ကျဆင်းသွားတိုင်း ပြန်လည် တိုက်ပွဲဝင်ပြီး ရလဒ်ကောင်း ပြန်လည် ရယူနိုင်ဖို့ လိုအပ်လှပါတယ် ။ အထူးသဖြင့် အခုလို အိမ်ကွင်းပွဲစဉ်မျိုးမှာပေါ့ဗျာ ” လို့ ဘရူနို က ပြောခဲ့တာပဲ ဖြစ်ပါတယ်။

မန်ယူနည်းပြ တန်ဟက်ကတော့ ဂိုးပေါက် ပျောက်နေတာ ကြာတဲ့ ဆန်ချို ဂိုးပြန်ရတဲ့ အပေါ် ကျေနပ်ကြောင်း ဆိုခဲ့ပြီး အသင်း စိတ်ဓာတ်ပိုင်းကိုတော့ တိုးတက်စေလိုသေးကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။