မန်စီးတီး မိုးထဲရေထဲ ရောက်နေချိန် အတူ မရုန်းဘဲ အသင်းပြောင်းဖို့ ဟာလန်း ခြေလှမ်းပြင်လာ

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာစီးတီးရဲ့ တိုက်စစ်မှူးဟာလန်းကတော့ အသင်းကို ရောက်ရှိတာ ဘယ်လောက်မှ သိပ်မကြာသေးတဲ့အချိန်မှာပဲ ပြန်လည်ထွက်ခွာဖို့ စဉ်းစားနေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အဓိကကတော့ မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်မှာ မကစားရရင် ဟာလန်းအနေနဲ့ ဒီအသင်းမှာ ဆက်ရှိနေမှာ မဟုတ်တော့ပါဘူး။

ပရီးမီးယားလိဂ်ဘက်က မန်စီးတီးကို ၄ နှစ်ကြာ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် စည်းမျဉ်းပေါင်း ၁၀၀ ကျော် ချိုးဖောက်ခဲ့တယ်ဆိုပြီး ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ညှိစွန်းတယ်ဆိုတာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စွဲချက်တင်လိုက်ပါတယ်။

မန်စီးတီးဘက်ကတော့ ပရီးမီးယားလိဂ်ရဲ့ စွဲချက်အတွက် အံ့အားသင့်ရကြောင်း၊ သူတို့အနေနဲ့ အပြစ်မရှိကြောင်း သက်သေပြသွားမှာဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။ ပရီးမီးယားလိဂ်စွဲချက်ဟာ မန်စီးတီးအပေါ် သက်ရောက်မှု ကြီးမားခဲ့ပြီး ပြစ်မှုထင်ရှားခဲ့ရင် အမှတ်လျှော့ခံရမှုကနေ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားနိုင်တဲ့ အခြေအနေဆိုးအထိ ကြုံတွေ့ရမှာပါ။

ဒါကြောင့် မန်စီးတီးရဲ့ အန္တရာယ်ဆိုးတွေကြား အသင်းမှာရှိတဲ့ ထိပ်တန်း ကစားသမားတွေရဲ့ အနာဂတ်ကလည်း လှုပ်ခတ်နေပြီး ဒီဂွင်ကို ကျားချောင်းချောင်းနေတဲ့ တခြားဥရောပထိပ်သီးကလပ်တွေလည်း ရှိနေပါတယ်။ ဒီအထဲမှာ တိုက်စစ်မှူး ဟာလန်းရဲ့အနာဂတ်ကလည်း မသေချာဖြစ်လာတာပါ။

နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဒေ့ါမွန်ကနေ မန်စီးတီးကို ပေါင် ၅၁ သန်းနဲ့ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီရာသီမှာ ဟာလန်းအနေနဲ့ တောက်ပလျက်ရှိနေပြီး ပရီးမီးယားလိဂ်ပွဲ ၂၀ ကစားထားရာ ၂၅ ဂိုး သွင်းယူထားပါတယ်။

ဟာလန်းအနေနဲ့ မန်စီးတီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် လာလီဂါထိပ်သီးကလပ် ရီးရဲမက်ဒရစ်က သူ့ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ ရီးရဲဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဟာလန်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး မန်စီးတီးက လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။