လူကျွံတဲ့ ဘရန့်ဖို့ဒ် ဂိုးကို ခွင့်ပြုခဲ့တဲ့ ဒိုင်တွေ အပေါ် အာဆင်နယ် နည်းပြ အာတီတာ ပေါက်ကွဲနေ
အာဆင်နယ် နည်းပြ အာတီတာက ဘရန်ဖို့ဒ်နဲ့ပွဲမှာ သူတို့ပေးလိုက်ရတဲ့ ချေပဂိုးဟာ လူကျွံအနေအထားကနေ ပေးလိုက်ရတာ လို့ တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။
လူစားဝင်ကစားသမားထရိုဆာ့ဒ်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့တဲ့ အာဆင်နယ်ဟာ အိုင်ဗန်တိုနေးရဲ့ ချေပဂိုးကို ခွင့်ပြု လိုက်ရတာဖြစ်ပြီး ဒီဂိုးက လူကျွံတယ်လို့ အာတီတာက အခိုင်အမာပြောဆိုခဲ့ကြောင်း Goal က ဖော်ပြခဲ့ပါတယ်။
အိုင်ဗန်တိုးနေးရဲ့ သွင်းဂိုးမှာတော့ ကွင်းလယ်ဒိုင်က VAR အကူအညီကို ရယူခဲ့ပြီး ဆုံးဖြတ်ချက် ဂိုးအဖြစ် သတ်မှတ် ပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာတီတာကတော့ ဒီဆုံးဖြတ်ချက်ကို ကျေနပ်ခြင်းမရှိဘဲ သူတို့အသင်းဟာ မပေးသင့်တဲ့ ချေပဂိုးကို ပေးခဲ့ရတယ် လို့ ခံစားနေရပြီး အခုလိုမျိုးပဲ ပြောဆိုသွားခဲ့ပါတယ်။
“ဟုတ်ပါတယ်၊ ကျနော် ဒါကိုပြန်ကြည့်ပြီးပါပြီ၊ လူကျွံဘောကြီးပါ၊ တကယ်ကို စိတ်တိုစရာကောင်းလွန်းပါတယ်၊ ဒါပေမယ့်လည်း တပတ်လောက်ကြာမှာ ဒီဂိုးက ဘာလို့ခွင့်ပြုသင့်လဲဆိုတာကို သူတို့ရှင်းပြပါလိမ့်မယ်၊ ဒီနေ့ ကျနော်တို့မှာ ရှင်းလင်းချက်တခုမှ မရရှိသေးပါဘူး။
ဘောလုံး ကစားရာ၊ ခံစစ် ခုခံကာကွယ်ရာမှာ အချို့သော အခြေခံမူတွေကို ကျင့်သုံးရမှာဖြစ်ပေမယ့် ဒါက စည်းမျဉ်းတွေကို လိုက်နာတဲ့အပေါ် မူတည်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။
ဒီပွဲကို သရေကျခဲ့တဲ့အတွက် အာဆင်နယ်တို့ ဖိအားတွေဝင်လာခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးကသာ လာမယ့်နှစ်ပွဲကို အနိုင်ကစားနိုင်ခဲ့မယ်ဆိုရင် သူတို့နဲ့ အမှတ်တူ သွားမှာဖြစ်ပါတယ်။
မန်စီးတီးက ဒီနေ့မှာ ဗီလာနဲ့ ကစားရမှာဖြစ်ပြီး အဲဒီနောက်မှာ အာဆင်နယ်နဲ့ ထပ်မံကစားရမှာဖြစ်လို့ လာမယ့် တပတ်အတွင်းမှာ အမှတ်ပေးဇယားက အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပြီ ဖြစ်ပါတယ်။