မန်ယူ ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်တဲ့ အကြောင်း အချက်အလက်နဲ့ ပြောလာတဲ့ မန်စီးတီး ကြယ်ပွင့်ဟောင်း

မန်ချက်စတာစီးတီး နောက်ခံလူဟောင်း မီကာရစ်ချတ် က ဝဂ်ဟောစ့် ဟာ သွင်းဂိုးတွေ အများအပြား သွင်းနိုင်တဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး မဟုတ်ခြင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ပရီးမီးယားလိဂ် ချန်ပီယံ မဖြစ်နိုင်တဲ့ အဓိက အကြောင်းအရင်း ဖြစ်တယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

လက်ရှိ အမှတ်ပေးဇယား မှာ မန်စီးတီး အသင်းက အာဆင်နယ် နဲ့ ၃ မှတ်အကွာ ၊ မန်ချက်စတာ ယူနိုက်တက် အသင်းက အာဆင်နယ် နဲ့ ၅ မှတ် အကွာမှာ ရှိနေပါတယ် ။ ဒါပေမယ့်လည်း မန်ချက်စတာ မြို့ခံ နှစ်သင်းစလုံးဟာ အာဆင်နယ် အသင်းထက် ပွဲပို ကစားထားကြပါတယ်။

မန်ယူနိုက်တက် ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီး နောက်ခံလူဟောင်း မီကာရစ်ချတ် ကတော့ တန်ဟက် ရဲ့ အသင်း ချန်ပီယံ လုံးဝ မဖြစ်နိုင်ဘူးလို့ Sky Sports မှာ ပြောကြား လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တစ်ခု တည်းသော ပြဿနာက နံပါတ် ၉ နေရာပါပဲ ။ ”

” ဝဂ်ဟောစ့် က ကစားသမားကောင်း တစ်ဦးပါ ၊ သူက အသင်းနဲ့ ချိတ်ဆက် ကစားနိုင်စွမ်း ရှိပါတယ် ၊ ဒါပေမယ့် ယူနိုက်တက် အသင်း ချန်ပီယံ ပြေးလမ်းမှာ ဆက်ရှိဖို့ ဝဂ်ဟောစ့် က သူ့ရဲ့ သွင်းဂိုးတွေ နဲ့ ကူညီ ပေးနိုင်မှာလား ၊ မားကပ်စ် ရက်ရှ်ဖိုဒ့် က ဒီရာသီ သိပ်ကောင်းနေတာ မှန်ပါတယ် ၊ ဒါပေမယ့် ရာသီကုန်အထိ သူ့ရဲ့ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်း နိုင်ပါ့မလား ။ ”

” အာဆင်နယ် မှာဆို ဂါဘရီရယ် ဂျေးဇု ပြန်လာဖို့ ရှိပါတယ် ၊ မန်စီးတီးမှာလည်း အာလင် ဟာလန်း ရှိနေတဲ့ အပြင် အရန်ခုံမှာလည်း ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားတဲ့ ဂျူလီယန် အယ်ဗာရက်ဇ် ရှိနေပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။