ဒိုင်အမှားကြောင့် အာဆင်နယ် နစ်နာခဲ့တဲ့ ၂မှတ် ကို ပြန်ပေးမှ ကျေနပ်မယ်လို့ အာတီတာ ပြောဆို

အာဆင်နယ် နည်းပြ အာတီတာ က VAR ဒိုင် လီးမာဆင် ရဲ့ ပေါ့ဆမှုကြောင့် ဘရန့်ဖိုဒ့် နဲ့ သရေကျခဲ့တဲ့ ပွဲမှာ ဆုံးရှုံး ခဲ့ရတဲ့ ရမှတ် ၂ မှတ် ကို ပြန်လိုချင်ကြောင်း မန်စီးတီး နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား လိုက်ပါတယ်။

ထိုပွဲမှာ ဘရန့်ဖိုဒ့် အသင်း ရသွားတဲ့ ချေပဂိုး မှာ VAR ဒိုင် လီးမာဆင် ဟာ လူကျွံဘော ဖြစ်နိုင်ချေ ရှိတဲ့ အနေအထားတွေ အားလုံးကို လိုင်းဆွဲပြီး ကြည့်ရှု ခဲ့ခြင်း မရှိတာကြောင့် အာဆင်နယ် အသင်း ရမှတ် ၂ မှတ် နစ်နာ သွားခဲ့ရတာပါ ။

နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ် ဒိုင်များ အဖွဲ့ချုပ်အကြီးအကဲ Howard Webb ဟာ လူကျွံနေပေမယ့် တိုနေး ရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့မှုအတွက် အာဆင်နယ် အသင်းကို ဆက်သွယ်ပြီး ပြန်လည် တောင်းပန် ခဲ့ပါတယ်။

ဒါ့အပြင် ဆုံးဖြတ်ချက် အမှား ချမှတ်ခဲ့တဲ့ လီးမာဆင်ကို ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် VAR ဒိုင် ရာထူးကနေ ဖယ်ရှား လိုက်ပါတယ် ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ဘရန့်ဖိုဒ့် နဲ့ ပွဲက VAR အမှားတွေဟာ လက်ခံ နိုင်စရာ လုံးဝ မရှိကြောင်း မန်စီးတီး နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ် ။

” ဘရန့်ဖိုဒ့် နဲ့ ပွဲပြီးပြီးချင်းမှာပဲ ကျနော်တို့ ရနိုင်တဲ့ ဓါတ်ပုံ သက်သေ အထောက်အထားတွေ အားလုံးကို ကြည့်ခဲ့ပါတယ် ၊ ကြည့်ပီးပီးချင်းမှာ လူကျွံနေမှန်း သိသိသာသာ မြင်ခဲ့ရတော့ အတော်လေး စိတ်ပျက်လက်ပျက် ဖြစ် ဒေါသထွက် ခဲ့ရပါတယ် ။ ”

” ဒါက သူတို့ ပြောသလို human error မှ မဟုတ်တာဗျာ ၊ ဒါက ကိုယ့်အလုပ်ကို လုံးဝ နားမလည်တာ ကိုယ့်အလုပ်ကို မစဉ်းစား မဆင်ခြင် ပဲ လုပ်လိုက်တာပါ ၊ လုံးဝ လက်ခံ နိုင်စရာ မရှိပါဘူး ၊ ကျနော် ပြောတာတွေ ရိုင်းသွားရင်တော့ ဆောရီးပါ ။ ”

” သူ့ရဲ့အမှားက အာဆင်နယ် အသင်းကို ၂ မှတ် နစ်နာ သွားစေပါတယ် ၊ ဒီ ၂ မှတ် က ပြန်ရမှာလည်း မဟုတ်ပါဘူး ၊ အဲ့ဒီ ၂ မှတ် ကို တခြား ပွဲတွေကနေ ပြန်ရှာရတော့မှာပါ ၊ ဒါပေမယ့် သူတို့ရဲ့ တောင်းပန်မှု ရှင်းပြမှုတွေကို ကျနော်တို့ဘက်က လက်ခံပါတယ် ၊ အဲ့ဒီလိုမျိုး ပွင့်ပွင့်လင်းလင်း ရှိဖို့ လိုပါတယ် ။ ”

” ကျနော် ကတော့ ဆုံးရှုံးခဲ့ရတဲ့ ရမှတ် ၂ မှတ် ပြန်ရမှပဲ လုံးဝ ကျေနပ် မှာပါ ၊ သူတို့ရဲ့စိတ်ရင်းအတိုင်း တောင်းပန်မှု ရှင်းပြမှု တွေကို ကျနော် အသိအမှတ်ပြု ပါတယ် ၊ ဒါပေမယ့် ကျနော်တို့ အမှတ်ပေး ဇယားမှာ ရမှတ် ၂ မှတ် နည်းသွား ခဲ့တဲ့ အချက်က ပြန်ပြင်လို့ မရတော့ပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။