စီးတီးကို ရှုံးအပြီးမှာ အပြစ်ရှိသလို ဖြစ်နေလို့ အိပ်မပျော်နိုင် ဖြစ်နေမယ့် အာဆင်နယ် အသင်းသား

အလန်ရှီးယားရားက မနေ့ညက မန်ချက်စတာစီးတီးကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ကြီးမားတဲ့ အခွင့်အရေးတွေ လွဲချော်ခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှုး အက်ဒီအန်ကီတီယာ အနေနဲ့ ဒီညမှာ အိပ်လို့တောင် ပျော်နိုင်မှာ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

ဒီဘရိုင်းနားရဲ့ အဖွင့်ဂိုး မတိုင်မီ ဘယ်ခြမ်းကနေ ဇင်ချန်ကိုရဲ့ အတော်ကောင်းမွန်လှတဲ့ ဖြတ်တင်ဘောကနေ အန်ကီတီယာ အပိုင်အခွင့်အရေး ရခဲ့ပေမယ့်လည်း ၎င်းရဲ့ ခေါင်းတိုက်ချက်ဟာ ထိချက် မမှန်ခဲ့ဘဲ ဂိုးဘေးကို ကပ်ထွက်သွားခဲ့ပြီး အာဆင်နယ်တို့ ဦးဆောင်ဂိုး ရမယ့် အခွင့်အရေး လွဲချော်ခဲ့ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာလည်း အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှုးဟာ နောက်ထပ် အပိုင်အခွင့်အရေး ထပ်မံ လွဲချော်ခဲ့ကာ အာဆင်နယ်တို့ injury time မှာ ချေပဂိုး ရရန် ကြိုးပမ်းနိုင်မယ့် အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။

အင်္ဂလန် နဲ့ နယူးကာဆယ် တိုက်စစ်မှုးဟောင်း ဖြစ်သူ အလန်ရှီးယားရားက အာဆင်နယ် တိုက်စစ်မှုးရဲ့ အပိုင်အခွင့်အရေး လွဲချော်ခဲ့မှုတွေ အပေါ် စာနာမိတယ်လို့ ဆိုလိုက်ပြီး အန်ကီတီယာ အနေနဲ့ ဒီအမှားကို ပြန်လည် ပြင်ဆင်နိုင်ရန် အခွင့်အရေး ရှိနေတယ်လို့ အားပေးလိုက်ပါတယ်။

ရှီးယားရားက “သူဟာ ဘောလုံးနဲ့ မှန်ကန်တဲ့ ထိချက် မရခဲ့ပါဘူး။ သူဟာ ဘောလုံးကို ဂိုးပေါက်ထဲကို guide လုပ်ရန် ကြိုးစားခဲ့တဲ့ နေရာမှာ နဖူးနဲ့ အပိုင် တိုက်ရမယ့် အစား ပခုံးနဲ့ တိုက်မိသလို ဖြစ်သွားတယ်လို့ ထင်ပါတယ်။ သူ ဒီညမှာ အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ရဲ့ အမှားတွေကို ပြန်လည် ပြင်ဆင်နိုင်တဲ့ အခွင့်အရေး ကတော့ အမြဲတမ်း ရှိနေပါတယ်။

လာမည့် ၃ ရက်မှာ ကစားရမယ့် အက်စတွန်ဗီလာနဲ့ ပွဲစဉ်မှာ သူ ဂိုးသွင်းနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်မိပါတယ်။ သူ ဒီလို လုပ်နိုင်ခဲ့မယ် ဆိုရင် မန်စီးတီးနဲ့ ပွဲစဉ်မှာ အခွင့်အရေးကောင်းတွေ လွဲချော်ခဲ့တဲ့ အပေါ် သတိရတော့မှာ မဟုတ်ပါဘူး။” လို့ ဆိုလိုက်ပါတယ်။

မီခေးအာတီတာ ကလည်း သူ့အသင်းရဲ့ အပိုင်အခွင့်အရေးတွေ အသုံးမချနိုင်ခဲ့တဲ့ အပေါ် စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ အပြင် ပရီးမီးယားလိဂ် title race အတွက် အရေးကြီးတဲ့ညမှာ သူတို့ဟာ ပြိုင်ဘက် မန်စီးတီးကို လက်ဆောင်ဂိုးတွေ ပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။