ဘာစီလိုနာနဲ့ မန်ယူတို့ ထိပ်တိုက်တွေ့တဲ့ ဒီည ယူရိုပါလိဂ် ပွဲ အတွက် ဆာဂျီယို အဂွေရို ပွဲကြို သုံးသပ် ခန့်မှန်း
ဥရောပရဲ့ အကြီးကြယ်ဆုံး ကလပ်တွေထဲက ၂ သင်း ဖြစ်တဲ့ ဘာစီလိုနာနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ယနေ့ညမှာ ယူရိုပါလိဂ် ၃၂ သင်း ရှုံးထွက်အဆင့် ပထမအကျော့ကို နူးကမ့်မှာ ကစားသွားကြမှာ ဖြစ်ပြီး မန်စီးတီး တိုက်စစ်မှုးဟောင်း ဆာဂျီယို အဂွေရို ဟာ အဆိုပါ ပွဲကြီးပွဲကောင်း အတွက် သူ့ရဲ့ ခန့်မှန်းချက်ကို ချပြသွားခဲ့ပါတယ်။
အဂွေရိုက “လာလီဂါမှာ ကျနော်တို့ မြင်တွေ့နေရတာကို အခြေခံပြီး ပြောရမယ်ဆိုရင် ဘာစီလိုနာဟာ တကယ့်ကို ကျစ်လစ်တဲ့ အသင်း ဖြစ်အောင် တည်ဆောက်ထားနိုင်ခဲ့တဲ့ အပြင် သူတို့ဟာ ဒီရာသီမှာ အတော်လေးကို ခြေစွမ်း တည်ငြိမ်နေပါတယ်။
သူတို့ဟာ ခံစစ်ပိုင်းကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက် ထားနိုင်ခဲ့ပြီး လာလီဂါမှာ ပေးဂိုး အနည်းငယ်ပဲ ရှိထားခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ တိုက်စစ်ပိုင်းမှာ ပေါက်ကွဲအား ကောင်းတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက် ကတော့ ပရီးမီးယားလိဂ်မှာ ထိပ်ပိုင်းကို ပြန်လည် ရောက်ရှိအောင် လုပ်ထားနိုင်ခဲ့ပြီး အဲရစ်တန်ဟတ်ရဲ့ အသင်းဟာ အတိတ်မှာတုန်းက သူတို့ရဲ့ ခြေစွမ်း မတည်ငြိမ်မှုကို နောက်မှာ ချန်ထားနိုင်ခဲ့တဲ့ ပုံစံပါပဲ။
ဒီပွဲဟာ တကယ့်ကို ကြည့်လို့ကောင်းမယ့် ပွဲစဉ် ဆိုတာ အသေအချာ ပါပဲ။ ကျနော်ကတော့ ဘာစီလိုနာဟာ ဒီပွဲစဉ်မှာ အနိုင်ရလဒ်ကို ရယူသွားနိုင်မယ့် အသင်း ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။” လို့ ခန့်မှန်းလိုက်ပါတယ်။
မန်ယူနိုက်တက်ဟာ ဒီပွဲစဉ်မှာ အန်တိုနီ ၊ မာစီရယ် နဲ့ မက်တိုမီနေး တို့ကို လက်လွှတ်သွားရဖို့ ရှိနေပြီး အဆိုပါ ကစားသမား ၃ ဦးဟာ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ မပါဝင်ခဲ့ကြပါဘူး။
လီဆန်ဒရိုမာတီနက်ဇ် နဲ့ ဇန်နဝါရီမှာ ခေါ်ယူထားခဲ့တဲ့ ဆာဘစ်ဇာ တို့ဟာ ပထမအကျော့ အတွက် ပွဲပယ်ခံ ထားရပေမယ့် ပြည်တွင်းမှာ ပွဲပယ်ပြစ်ဒဏ် ကျခံနေရတဲ့ ကတ်စမီရို ကတော့ ဒီပွဲစဉ်အတွက် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။