တော့ဒ်ဘိုလေကတော့ ဒေါ့မွန် တစ်သင်းလုံး ဝယ်မယ် လုပ်နေလောက်ပြီလို့ ကာရေဂါ လှောင်ပြောင်
ပြီးခဲ့တဲ့ ညက ကစားခဲ့တဲ့ပွဲမှာ ဒေါ့မွန် အသင်း ကို ၁-၀ ဂိုးနဲ့ ရှုံးခဲ့ပြီးတဲ့နောက် ဂျင်မီကာရေဂါက ချဲလ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုလေကို လှောင်ပြောင်ခဲ့ပြီး နည်းပြဂရေဟမ်ပေါ်တာ ရဲ့အသင်းဟာ ပြဿနာအကြီးကြီး ရှိနေပြီလို့ ဝေဖန်ခဲ့ပါတယ်။
ဂျာမန်မြေမှာ ကစားခဲ့တဲ့ အဲဒီပွဲမှာ ချဲလ်ဆီးဟာ ဂိုးကန်သွင်းခွင့် ၂၁ ကြိမ်အထိ လုပ်ခဲ့ပေမဲ့ လည်း တစ်ဂိုးမှ မသွင်းနိုင်ခဲ့ဘဲ အိမ်ပြန်လာခဲ့ရပါတယ်။
ဒါကြောင့် ဒီပွဲကို ဂျာမနီအထိ လိုက်ပြီး အားပေးခဲ့တဲ့ တော့ဒ်ဘိုလေကို ရည်ရွယ်ပြီး ကာရေဂါ က လှောင်ပြောင်ခဲ့တာပါ။

” လူမှုကွန်ရက်ပေါ်မှာတော့ ပွဲဖြစ်နေပြီဗျာ။ ဘာတဲ့။ တော့ဒ်ဘိုလေက ဒေါ့မွန် တစ်သင်းလုံးကို ဝယ်ဖို့ ကမ်းလှမ်းလိုက်ပြီတဲ့ ” လို့ ကာရေဂါက CBS Sport နဲ့ အစီအစဉ်မှာ လှောင်ပြောင်ခဲ့တာပါ။
အမေရိကန် စီးပွား ရေးလုပ်ငန်းရှင် ဘိုလေဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက် ၂ ခုမှာ ကစားသမားတွေ ခေါ်ယူဖို့အတွက် ပေါင် သန်း ၆၀၀ ကျော် သုံးခဲ့ပေမဲ့လည်း ရလဒ်ကတော့ ချက်ချင်းကြီး အပြောင်းအလဲမဖြစ်ခဲ့ပါဘူး။
ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာမှာ ပြဿနာ အ ကြီးကြီးရှိနေပြီး အားနည်းချက်ကတော့ အသင်းရဲ့ အဓိက လိုအပ်ချက်ကို နားမလည်တာဖြစ်တယ်လို့ ကာရေဂါ က ဝေဖန်ခဲ့တာပါ။
” ချဲလ်ဆီးအသင်း သုံးခဲ့တဲ့ ငွေ တွေနဲ့ပတ်သက်ပြီး ကြည့်လိုက်ပါ။ ဇန်နဝါရီမှာတင်မဟုတ်ဘူး။ သြဂုတ်လ တုန်းက သုံးခဲ့တာတွေလည်း ပါတယ်။
သူတို့ဟာ တစ်ရာသီလုံးကို ထိပ်တန်း အရည်အသွေးရှိတဲ့ တိုက်စစ်မှူး တစ်ယောက်မှ မပါဘဲနဲ့ ကစားနေတာ။ တကယ် စဉ်းစားကြည့်တော့ အံ့သြစရာကြီး။ စဉ်းစားကြည့်။ ပေါင်သန်း ၆၀၀ ကျော်သုံးထားပြီး တိုက်စစ်မှာ ဂိုးတစ်ဂိုးကို ပိုင်ပိုင်နိုင်နိုင် သွင်းပြနိုင်တဲ့ တိုက်စစ်မှူး တစ်ယောက်တောင် မရှိဘူး။
ချဲလ်ဆီးရဲ့ ဒီရာသီ အကြီးမားဆုံး ပြဿနာက ဂိုးမသွင်းနိုင်တာပဲ။ သူတို့ဟာ ပရီမီးယားလိဂ်မှာ တစ်ပွဲ ပျမ်းမျှ တစ်ဂိုး ထက်ပိုပြီး သွင်းကောင်း သွင်းနိုင်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ အဲဒါက ချဲလ်ဆီးလိုအသင်းမျိုးအတွက် အာသာတောင် မပြေပါဘူး ” လို့ ကာရေဂါက ဝေဖန်ထောက်ပြသွားခဲ့ပါတယ်။